AI နည်းပညာ တပ်ဆင်ထားသည့် ဒုံးကျည်များကို အီရန်အောင်မြင်စွာ စမ်းသပ်ပစ်ခတ်


(နိုင်ငံတကာ) ဇန်နဝါရီ ၂၇

အီရန်တပ်မတော်သည် စစ်ရေးလေ့ကျင့်မှုအတွင်း ဉာဏ်ရည်တု နည်းပညာ (AI) တပ်ဆင်ထားသည့် ဒုံးကျည်များကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခံကြောင်း သိရသည်။

အီရန်ရေတပ်ဖွဲ့သည် Qaem နှင့် Almas ဒုံးကျည်များကို Great Prophet Authority 19 ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှု၏ နောက်ဆုံးနေ့ ဖြစ်သည့် ဇန်နဝါရီလ ၂၆ ရက်တွင် ပစ်ခတ်စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

အီရန်သည် အဆိုပါ စစ်ရေးလေ့ကျင့်မှုကို ယခုလ အစောပိုင်းက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သော်လည်း အသေးစိတ်အချက်အလက်များကို ဖော်ပြခဲ့ခြင်း မရှိပေ။

AI နည်းပညာသုံး အဆိုပါ ဒုံးကျည်များသည် ဒရုန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ယင်းဒုံးကျည်များကို အီရန်က အဆင့်မြှင့်တင်ထားသည့် အခြားလက်နက်စနစ်များနှင့်အတူ ထုတ်ဖော်ပြသ၍ စမ်းသပ်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Qaem ဒုံးကျည်သည် အနီအောက်ရောင်ခြည်၊ လေဆာ သို့မဟုတ် ရုပ်သံမှတစ်ဆင့် ပဲ့ထိန်းနိုင်ပြီး အလေးချိန်အားဖြင့် ၈ ဒသမ ၅ ကီလိုဂရမ်ရှိ ထိပ်ဖူးများကို အကွာအဝေး ၄၅ ကီလိုမီတာအထိ ပစ်ခတ်နိုင်သည်။

ထို့အတူ Almas ဒုံးကျည်သည် သံချပ်ကာဖျက်ဒုံးအမျိုးအစားတစ်ခုဖြစ်ပြီး အကွာအဝေးအားဖြင့် ၈ ကီလိုမီတာသာ ပစ်ခတ်နိုင်ကာ ပြင်းထန်သော ပေါက်ကွဲအားကို ဖြစ်ပေါ်စေနိုင်သည့် ထိပ်ဖူးများအား တပ်ဆင်ထားခြင်း ဖြစ်သည်ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN