သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း သိကောင်းစရာ

(ကျန်းမာရေး)ဇန်နဝါရီ  ၁၁

      PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ သွားနှင့် ခံတွင်း ကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      သွားနှင့် ခံတွင်း ကျန်းမာရေးဟာ လူတစ်ယောက်အတွက် မဖြစ်မနေ ဂရုစိုက်သင့်တဲ့ ကျန်းမာရေးကိစ္စတစ်ခုဖြစ်ပါတယ်။ လူတစ်ဦး ကျန်းမာနေစေဖို့အတွက် သွားနဲ့ ခံတွင်းက အရေးပါလှတယ်လို့ ဆိုရမှာပါ။ သွားနဲ့ ခံတွင်း သန့်ရှင်းကျန်းမာခြင်းမရှိဘူးဆိုရင် သွားပိုးစားတာ၊ သွားအခေါင်းပေါက်ဖြစ်တာနဲ့ သွားဖုံးနဲ့သက်ဆိုင်တဲ့ဝေဒနာတွေဖြစ်နိုင်သလို ဒီရောဂါတွေဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ သွေးတိုးရောဂါတွေနဲ့လည်း ဆက်စပ်နေပါတယ်။

      သွားနဲ့ ခံတွင်းကို ကျန်းမာပြီး ကြံ့ခိုင်နေအောင် ထိန်းသိမ်းစောင့်ရှောက်တာက တစ်သက်တာလုံး မပျက်မကွက်လုပ်ဆောင်ရမယ့် ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် သွားနဲ့ ခံတွင်းကို ကျန်းမာစေဖို့ဆိုရင် မှန်ကန်တဲ့ ထိမ်းသိမ်းစောင့် ရှောက်မှုနည်းလမ်းတွေကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။

      ဥပမာ သွားတိုက်ဖို့၊ သွားကြားထဲက အစာတွေကို သန့်စင်ဖို့၊ သကြားကို လျှော့စားဖို့ စတာတွေပေါ့။ ဒီလိုဂရုမစိုက်ပေးရင်တော့ သင့်ရဲ့သွားလေးတွေဟာ အသက်အရွယ်အိုမင်းလာချိန်အထိ ကျန်းမာနေတော့မှာမဟုတ်ပါဘူး။

သွားနှင့် ခံတွင်း ရောဂါဖြစ်ပွားမှုများ

       သွားပိုးစားတာနဲ့ သွားဖုံးဆိုင်ရာရောဂါတွေက အရမ်းကို အဖြစ်များပါတယ်။ World Health Organization ရဲ့ အဆိုအရဆိုရင် –
• ကျောင်းနေအရွယ် ကလေးငယ် ၆၀%-၉၀% အထိဟာ အနည်းဆုံး သွားနဲ့သက်ဆိုင်တဲ့ ရောဂါတစ်ခုခုရှိနေကြတယ်၊
• ၁၀၀% နီးပါးသော အရွယ်ရောက်ပြီးသူတိုင်းမှာ သွားပြဿနာတစ်ခုခုရှိနေတတ်တယ်၊
• အသက် ၃၅-၄၄ နှစ်အကြား အရွယ်ရောက်ပြီးသူတွေရဲ့ ၁၅%-၂၀% လောက်မှာ သွားဖုံးဆိုင်ရာ ရောဂါတွေ ရှိနေကြတယ်၊
• တစ်ကမ္ဘာလုံးက အသက် ၆၅-၇၄ နှစ်အကြား သက်ကြီးရွယ်အိုတွေရဲ့ ၃၀% မှာ မူလသွားတွေ မရှိကြတော့ဘူး၊
• တိုင်းပြည်အများစုမှာ လူ ၁၀၀,၀၀၀ ကို ၁-၁၀ ဦးဝန်းကျင်ဟာ ခံတွင်းကင်ဆာဝေဒနာကို ခံစားနေရတယ်၊
• ဆင်းရဲနွမ်းပါးတဲ့ လူတန်းစားတွေမှာ ခံတွင်းပြဿနာတွေ ဖြစ်နိုင်ခြေပိုမြင့်မားတယ်။

သွားနှင့် ခံတွင်း ကျန်းမာရေး ပြဿနာရှိနေတဲ့ လက္ခဏာများ

      တကယ်တော့ သွားနဲ့ခံတွင်းပြဿနာတွေက ရောဂါလက္ခဏာပြသလာချိန်မှာ ဆေးခန်းသွားရမယ့် ပြဿနာမျိုးမဟုတ်ပါဘူး။ ဖြစ်နိုင်ရင် တစ်နှစ်ကို ၁ ကြိမ်လောက် သွားနဲ့ ခံတွင်းကို စစ်ဆေးပေးနေသင့်တာပါ။ တစ်ချို့ပြဿနာတွေက လက္ခဏာက နောက်လိုက်ပြီး ရောဂါကအရင်လာတာမျိုးဖြစ်နေတတ်တာကြောင့်ပါ။

       ဒါပေမယ့် ဘယ်လိုအကြောင်းကြောင့်ဖြစ်ပါစေ ရောဂါလက္ခဏာတွေကိုတော့ သိနားလည်ထားသင့်တာတော့ အမှန်ပါ။ သင့်မှာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာတစ်စုံတစ်ရာရှိနေတယ်ဆိုတာကို သိနိုင်စေမယ့် လက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ် –
• ခံတွင်းထဲက နူးညံ့တဲ့နေရာတွေမှာ ပြည်တည်နာတွေဖြစ်တာ၊ နာကျင်တာတွေ ရက်သတ္တပတ် ၁ ပတ်ထက် ကြာမြင့်လာတာ၊
• သွားတိုက်ပြီးတိုင်း ဒါမှမဟုတ် သွားကြားက အစာအကြွင်းအကျန်တွေကို ရှင်းထုတ်ပြီးတိုင်း သွားဖုံးကြားကနေ သွေးယိုစီးတာ၊
• အချိန်ကြာမြင့်စွာ ခံတွင်းနံ့ဆိုးရွားနေတာ၊
• ပူတဲ့၊ အေးတဲ့ အစားအစာတွေ၊ အဖျော် ယမကာတွေကို စားသောက်မှီဝဲဖို့ ခက်ခဲတာ၊
• သွားကိုက်နေတာ ဒါမှမဟုတ် သွားနာကျင်နေတာ၊
• သွား မကြာခဏ ကျွတ်တာ၊ ဆုံးရှုံးလာတာ၊
• သွားဖုံးအရောင်ဖျော့လာတာ၊
• ကိုက်ဝါးမှုပြုလုပ်တိုင်း နာကျင်နေတာ၊
• မျက်နှာနဲ့ မေးရိုး ဖူးရောင်နေတာ၊
• မေးရိုးက တချွတ်ချွတ် မည်နေတတ်တာ၊
• သွားအက်ကွဲတာ ဒါမှမဟုတ် ကျိုးတာ၊
• အာခေါင်၊ ပါးစပ်ခြောက်သွေ့လွန်းတာ စတာတွေပါပဲ။
• ဒီလက္ခဏာတွေအပြင် အပြင်းအထန်ဖျားနာတာ၊ လည်ပင်းနဲ့ မျက်နှာဖူးရောင်တာတွေလည်း ဖြစ်စေနိုင်ပါတယ်။

သွားနှင့် ခံတွင်း ပြဿနာတွေ ဖြစ်စေသော အကြောင်းအရင်းများ

      သင့်ခံတွင်းကို မကျန်းမာစေနိုင်တဲ့ပြဿနာတွေအားလုံးရဲ့ အရင်းခံကတော့ ဘက်တီးရီးယားတွေ၊ မှိုတွေနဲ့ ဒီအရာတွေက ပုံမှန်အားဖြင့် သင့်ခံတွင်းကို များများစားစား ဒုက္ခမပေးနိုင်ပါဘူး။ ဒါပေမယ့် သကြားဓာတ်များများစားစားရသွားရင်တော့ဖြင့် အခြေအနေက အများကြီးပြောင်းလဲသွားပါလိမ့်မယ်။

     သကြားဓာတ်ပမာဏကြောင့် အက်ဆစ်ဓာတ် ထုတ် လုပ်ပေးမယ့် ဘက်တီးရီးယားတွေ အပြင်းအထန် ထကြွသောင်းကျန်းကြတော့မှာပါ။ ဒီဘက်တီးရီးယားလေးတွေထုတ်လွှတ်လိုက်တဲ့ အက်ဆစ်ဓာတ်တွေဟာ သွားရဲ့ ကြွေသွားအလွှာကို ဖျက်ဆီးနိုင်သလို သွားပိုးပေါက်တွေလည်း ဖြစ်စေပါတယ်။

      ဘက်တီးရီးယားတွေဟာ သင့်ရဲ့ သွားဖုံးတစ်လျှောက်မှာ ပေါက်ပွားရှင်သန်နေကြပြီးတော့ ပုံမှန်သွားနဲ့ ခံတွင်းကို မသန့်စင်ပေးဘူးဆိုရင် သွားတစ်လျှောက်မှာ ပိုမိုတိုးပွားလာကြတော့မှာပါ။ သူတို့တိုးပွားလာတာကို သင့်ဘက်က မတားဆီးနိုင်ဘူးဆိုရင် ပထမအဆင့်မှာ သွားဖုံးရောင်တာ (Gingivitis) ဖြစ်မှာဖြစ်ပါတယ်။ ပိုမိုဆိုးရွားတဲ့အခြေအနေမှာ ရေစီးကမ်းပြိုရောဂါ (Periodontitis) ဖြစ်လာပါလိမ့်မယ်။

     သွားဖုံးရောင်တာ (Gingivitis) နဲ့ ရေစီးကမ်း ပြိုရောဂါ (Periodontitis) အပါအဝင် သွားနဲခံတွင်း ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်တဲ့နောက်ထပ် အခြေအနေတွေ ရှိနေပါတယ်။ ဒါတွေကတော့ –
• ဆေးလိပ်သောက်သုံးတာ၊
• သွားပုံမှန်မတိုက်တာ၊
• သကြားဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေနဲ့ အအေးတွေ မှီဝဲလေ့ရှိတာ၊
• ဆီးချိုရောဂါရှိတာ၊
• တံတွေးထုတ်လုပ်မှုကို လျော့ကျစေတဲ့ ဆေးဝါးတွေ မှီဝဲနေရတာ၊
• ရောဂါဖြစ်ပွားဖူးတဲ့ မျိုးရိုးရှိတာ၊
• HIV ၊ AIDS စတဲ့ရောဂါတွေလိုမျိုး ကူးစက်ရောဂါတစ်မျိုးမျိုး ကူးစက်ခံထားရတာ၊
• (အမျိုးသမီးတွေ) ဟိုမုန်းအပြောင်းအလဲ ဖြစ်နေတာ၊
• ရင်ပူတတ်တာ၊ အစာခြေရည်ပြန်ဆန်တက်တတ်တာ၊
• မကြာခဏ အန်တတ်တာ စတာတွေကြောင့်ပါပဲ။

သွားနှင့် ခံတွင်း ရောဂါ အမျိုးအစားများ

      သွားနဲ့ ခံတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါအမြောက်အများရှိပါတယ်။ အများစုဟာ သွားနဲ့ ခံတွင်းကို စနစ်တကျ မစောင့်ရှောက် မထိမ်းသိမ်းတာကြောင့်ဖြစ်လာတဲ့ ရောဂါတွေဖြစ်ကြပါတယ်။ ရောဂါအများစုဟာ ကာကွယ်တားဆီးလို့ရပြီး သွားနဲ့ခံတွင်းကို သန့်ရှင်းအောင်ထားဖို့သာ လိုအပ်တာပါ။

       ဒါပေမယ့်လည်း လေ့လာချက်တွေအရဆိုရင် လူတိုင်းဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ပြဿနာ အနည်းဆုံး တစ်ခုကိုတော့ ဘဝတသက်တာမှာ ကြုံဆုံရလေ့ရှိပါ။ သွားနဲ့သက်ဆိုင်တဲ့ရောဂါတွေနဲ့ ခံတွင်းနဲ့သက်ဆိုင်တဲ့ရောဂါတွေဆိုပြီး ၂ ပိုင်း ခွဲခြားနိုင်ပါတယ်။ သွားနဲ့သက်ဆိုင်တဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
• သွားပိုးစားခြင်း (Cavities) ၊
• သွားအက်ခြင်း၊ သွားပဲ့ခြင်း၊
• သွားကျဉ်ခြင်း (Tooth Sensitivity)
• Dental Plaque
• Impacted Teeth
• Root Canal
• သွားအရောင်ကျွတ်ခြင်း (Teeth Discoloration)
• သွားအတွင်းသားရောင်ခြင်း (Pulpitis) စတာတွေပါပဲ။

       ခံတွင်းပြဿနာတွေထဲမှာ ကင်ဆာကလည်း အဖြစ်များပြီး ဆိုးရွားတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကင်ဆာ (Oral cancer) ဟာ အမျိုးအစားအမျိုးမျိုးရှိပြီး အောက်ပါအစိတ် အပိုင်းတွေမှာဖြစ်တာတွေကိုလည်း ဖြစ်နိုင်ပါတယ် –
• သွားဖုံးကင်ဆာ၊
• လျှာကင်ဆာ၊
• နှုတ်ခမ်းကင်ဆာ၊
• မေးရိုးကင်ဆာ၊
• လျှာအောက်ပိုင်းက မြင်းခွာပုံနေရာမှာဖြစ်တဲ့ ခံတွင်းကြမ်းပြင်ကင်ဆာ၊
• Hard palate နဲ့ Soft palate ကင်ဆာတို့ပဲဖြစ်ပါတယ်။

       လူတစ်ယောက် ခံတွင်းကင်ဆာဖြစ်စေနိုင်တဲ့ အဓိကအကျဆုံးအချက်တွေကတော့ ဆေးလိပ်၊ ကွမ်းစတာတွေ မှီဝဲတာ၊ ဆေးရွက်ကြီးငုံတာတွေဖြစ်တယ်လို့ ကျန်းမာရေးပညာရှင်တွေကဆိုထားပါတယ်။

သတိပြုလိုက်နာရန်

      သွားနဲ့ခံတွင်းမှာ ရောဂါကင်းနေဖို့ဆိုရင် ကိုယ်တိုင်ဂရုစိုက်ဖို့ လိုအပ်သလို တစ်နှစ် ၂ ကြိမ် ကျွမ်းကျင်သူနဲ့ ပြသကုသဖို့လည်း လိုအပ်ပါတယ်။ ဒီလိုပုံမှန်ပြုလုပ်နေမှသာ ရောဂါဖြစ်နိုင်ခြေရှိမရှိ၊ ကာကွယ်ရမယ့် အခြေအနေနဲ့ ရောဂါရှိနေခဲ့ရင် ကုသရမယ့် နည်းလမ်းတွေကို ရှာဖွေနိုင်မှာပါ။

       သွားနဲ့ခံတွင်းကျန်းမာရေးဟာ ဂရုစိုက်ရမယ့် အရာတစ်ခုပါ။ သွားနဲ့ ခံတွင်းက သိပ်အရေးကြီးဘူးလို့ ယူဆပြီး ဂရုမစိုက်ဘဲ ထားလိုက်မယ်ဆိုရင် သွားနဲ့ခံတွင်းနဲ့ မဆိုင်တဲ့ တခြားနောက်ဆက် တွဲရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
(Crd: Hello ဆရာဝန်)

#PAN