တစ်ဦး နှင့် တစ်ဦး ဆဲဆိုရာမှ လူသတ်မှုဖြစ်ပွား


(မှုခင်း) ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ၊ KSYT လမ်းကြားတွင် ယမန်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က တစ်ဦးနှင့်တစ်ဦး ဆဲဆိုကြရင်းမကျေနပ်ဖြစ်ကာ ဓားဖြင့်ခုတ်ရာမှ လူသတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် မဲကင်းကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူဖြစ်သည့် ကိုမျိုးဇော်၊ ၄၀ နှစ်၊(ဘ)ဦးဝင်းစိုးသည် အပြင်မှ ခေါက်ဆွဲကြော် ဝယ်ယူပြီးပြန်လာစဉ် နေအိမ်ရှေ့သို့ အရောက် တစ်ရွာတည်းနေသူ ကိုမျိုးသန့်၊ ၃ရ နှစ်၊ (ဘ)ဦးညီပန်းမှ ကိုမျိုးဇော်၏ နေအိမ်ရှေ့သို့ လိုက်သွားကာ ဆဲဆိုပြီး ၎င်းနေအိမ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ကိုမျိုးဇော်မှ မကျေနပ်၍ နောက်မှလိုက်သွားခဲ့ပြီး ဆဲဆိုသဖြင့် ကိုမျိုးသန့်၏ နေအိမ်ရှေ့လမ်းမပေါ်တွင် ကိုမျိုးသန့်သည် နေအိမ်အတွင်းမှ အရိုးအသွား ၂ ပေ ၃ လက်မခန့်ရှိ ငှက်ကြီးတောင်ဓါးဖြင့်ခုတ်ခဲ့ရာ ကိုမျိုးဇော်တွင် ယာ-တံတောင်စစ်အထက် ခုတ်ဖြတ်ရာ ၁ ချက်၊ ရင်ညွှန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဝဲ-လက်မပြတ်ဒဏ်ရာ ၁ ချက်၊ ယာ-ပေါင်ရင်း ထိုးသွင်းဒဏ်ရာ ၁ ချက်တို့ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရပြီး တရားခံအား ၎င်း၏ နေအိမ်မှဖမ်းဆီးရမိခဲ့ကာ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN