(ကျန်းမာရေး)ဇန်နဝါရီ ၉
PAN ပရိတ်သတ်များအတွက် ကျန်းမာရေး ဗဟု သုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အသားအရေကျန်းမာရေးအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ အသက်အရွယ်က ၁၅ နှစ်ပဲဖြစ်ဖြစ် ၆၅ နှစ်ပဲဖြစ်ဖြစ် အသားအရေကိုတော့ ဂရုစိုက်ဖို့လိုနေမှာပါပဲ။ ကျန်းမာလှပတဲ့အသားအရေ ပိုင်ဆိုင်ထားခြင်းကလည်း လူကိုယုံကြည်မှုပိုတိုးစေတဲ့အရာတစ်ခုပါပဲ။ အသားအရေကျန်းမာလှပစေဖို့က နေ့စဉ်လုပ်ဆောင်နေကျ အလေ့အထတွေက ကျန်းမာရေးနဲ့ညီညွတ်ဖို့လိုသလို အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှုတွေလုပ်ဆောင်ဖို့လိုတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ အသားအရေကျန်းမာလှပစေမယ့် အလေ့အထများကတော့
ရေသောက်ပေးပါ
သိပြီးသားဖြစ်ကောင်းဖြစ်မှာပါ။ အသား အရေလှပစေဖို့ ရေလုံလောက်အောင်သောက်ပေးရမယ်ဆိုတဲ့အချက်ကို တော်တော်များများ ကြားဖူးမယ်ထင်ပါတယ်။ အသားအရေကျန်းမာလှပဖို့ဆိုတာက ခန္ဓါကိုယ်ကရေဓါတ် အလုံအလောက်ရရှိဖို့လိုသလို အဆိပ်အတောက်ကင်းစင်ဖို့လည်းလိုပါတယ်။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက် အထိသောက်သုံးပေးမယ်ဆိုရင် အရေပြားအစိုဓါတ်ကိုထိန်းထားနိုင်ပြီး အသားအရေကိုကျန်းမာလှပ စေတဲ့အပြင် ဝက်ခြံတွေနဲ့ အသားအရေမှာ အမဲစက်တွေဖြစ်ပေါ်တာကိုပါ သက်သာစေမှာဖြစ်ပါတယ်။ ခန္ဓါကိုယ် အတွက်လိုအပ်တဲ့ရေဓါတ်ပြည့်ဝစေဖို့ သွားလေရာကိုရေဗူးယူသွားပေးပါ။ အလုပ်ခွင်ထဲမှာဆိုလည်း အလုပ်စားပွဲပေါ်မှာ ရေဗူးထဲရေဖြည့်ပြီးထားထားပေးပါ။
အိပ်ရေးဝပါစေ
တစ်နေ့တာလုံး ပင်ပန်းမှုတွေကြောင့် အသား အရေထိခိုက်မှုတွေ လျော့ပါးသက်သာစေဖို့ တစ်ညကို အနည်းဆုံး ၈ နာရီအိပ်စက်ပြီး ခန္ဓါကိုယ်ကို ထိခိုက်ပျက်စီးသွားတဲ့ အသားအရေတွေကို ပြင်ဆင်ခွင့်ပေးလိုက်ပါ။ ညအိပ်တဲ့အခါ ခန္ဓါကိုယ်က UV rays တွေ ညစ်ညမ်းတဲ့ မြို့ပြလေထုကြောင့် ပျက်စီးသွားတဲ့ အသားအရေကို ပြုပြင်ပေးမယ့် melatonin ဆိုတဲ့ ဟော်မုန်းကိုထုတ်လွှတ်ပေးပါတယ်။ ညကိုအိပ်ရေးဝဝအိပ်ပါ။ အိပ်ရာစောစောဝင်ပါ။ ညအိပ်ချိန်မှာ ဖုန်းကို ခပ်ဝေးဝေးမှာထားပြီး ကောင်းမွန်စွာ အိပ်စက်အနားယူရင်း ကျန်းမာလှပတဲ့ အသားအရေကိုပိုင်ဆိုင်နိုင်ဖို့လုပ်ကြရအောင်ပါ။
အာဟာရမျှတအောင်စားသုံးပေးပါ
တစ်နေ့တာ လှုပ်ရှားသွားလာမှုတွေအတွင်းမှာ ဆေးလိပ်ငွေ့နဲ့ထိတွေ့မိတာ၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ နဲ့ထိတွေ့မိတာနဲ့တင် အသားအရေက ထိခိုက်ပျက်စီးနေပါပြီ။ ဒါကြောင့် အစားအသောက်စားတဲ့အခါ အသားအရေ ကိုထိခိုက်စေနိုင်မယ့်အရာတွေဖြစ်တဲ့ ကဖင်း နဲ့ အယ်လ်ကိုဟောပါဝင်တာတွေကိုရှောင်ကြဉ်ပြီး အသားအရေ အတွက်ကောင်းတဲ့ အစားအစာမျိုးတွေကို စားသုံးပေးပါ။ အသားအရေအတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝအောင်စားသုံးပေးပါ။
ပြီးတော့ အသားအရေလှပဖို့ဆိုတဲ့နေရာမှာ အလှအပထိန်းသိမ်းတဲ့ ပစ္စည်းတွေကိုသေသေ ချာချာ အသုံးပြုတတ်ဖို့ကလည်း တစ်စိတ်တစ်ပိုင်းတော့အရေးပါပါတယ်။
သင့်တော်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းကိုရွေးချယ်ပေးပါ
အသားအရေ ထိန်းသိမ်းတဲ့ပစ္စည်းတွေကိုရွေးချယ်တဲ့အခါ အရေးကြီးဆုံးအချက်က ကိုယ်က ဘယ်လို အသားအရေပိုင်ရှင်လဲဆိုတာကို သိဖို့ပါ။ မျက်နှာသစ်ဆေးကစလို့ နောက်ဆုံး မိတ်ကပ်ရွေးချယ်တာမျိုးအထိ အသားအရေနဲ့လိုက်ဖက်နေဖို့ အင်မတန်မှ အရေးကြီးပါတယ်။
အသားအရေပေါ်က ဆဲလ်သေတွေကိုဖယ်ရှားဖို့ မမေ့ပါနဲ့
အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ် ရှားမှသာ အသားအရေက လိုအပ်တဲ့ အာဟာရဓါတ်တွေကို ထိထိမိမိ စုပ်ယူဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။ ချောမွေ့ကျန်းမာတဲ့ အသားအရေကိုပိုင်ဆိုင်ချင်တယ်ဆိုရင် အသားအရေ ပေါ်ကဆဲလ်သေတွေကို ဖယ်ရှားတာက ကျော်သွားလို့မရတဲ့ အဆင့်တစ်ဆင့်ပါ။ နောက်ထပ်သိထားရမှာတစ်ခုက အပေါ်မှာပြောပြခဲ့သလို အသားအရေအစိုဓါတ်ထိန်းဖို့ပါ။ အသားအရေအစိုဓါတ်ထိန်းဖို့က ရေသောက်ရုံနဲ့ ပြီးရောလားဆိုတော့ မဟုတ်သေးပါဘူး။ မျက်နှာအသားအရေမှာ အစိုဓါတ်ထိန်းခရင်မ်ကိုလည်းလူးပေးဖို့လည်း လိုပါလိမ့်မယ်။ တစ်ပတ်တစ်ကြိမ်လောက် ဆဲလ်သတွေကိုဖယ်ရှားပေးမယ်ဆိုရင် ချွေးပေါက်တွေကိုပွင့်စေပြီး ဝက်ခြံတွေကို သက်သာစေမယ့်အပြင် ကျန်းမာတဲ့ အသားအရေကိုပါ ပိုင်ဆိုင်နိုင်မှာပါ။
အိပ်ရာမဝင်ခင် မျက်နှာကိုသန့်စင်ပါ
တစ်နေ့တာလုံးပင်ပန်းလာတယ်ဆိုပေမယ့် ညမအိပ်ခင်မှာတော့ မျက်နှာကို သန့်စင်အောင်လုပ်ပါ။ မျက်နှာပေါ် ကတစ်နေ့တာလုံးလူးထားသမျှတွေကို ဖျက်ပစ်ပြီး မျက်နှာသစ်ဆေးသုံးပြီး မျက်နှာကိုသေချာသစ်ပေးပါ။ တစ်နေ့တာလုံး ပင်ပန်းထားတဲ့ အသားအရေကို လိုအပ်တဲ့အာဟာရဓါတ်လေးတွေပြည့်ဝစေဖို့ အသားအရေကိုရေဓါတ်ဖြည့်ပေးပြီး ချွေးပေါက်တွေနဲ့ မျက်နှာပေါ်က အမဲစက်တွေကို သက်သာစေတဲ့ ညလိမ်းခရင်မ်မျိုးကိုလူးပေးလို့ရပါတယ်။
အသားအရေ ခြောက်သွေ့မှုကို ဘယ်လိုကာကွယ်မလဲ
အသားအရေ ခြောက်သွေ့မှုတွေအတွက် သက်သာစေအောင်ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ်။
ပျားရည်ကို ခွက်ရဲ့တစ်ဝက်လောက်ထည့်ပြီး နွားနို့ကို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာထည့်ပါ။ ပြီးရင် မျက်နှာနဲ့ လည်ပင်းပေါ်လိမ်းပေးပြီး ၅ မိနစ်လောက် နှိမ့်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၂၀ လောက်ထားပြီး ရေနွေးနဲ့ ဆေးချပါ။ ဒီနည်းလမ်းလေးက ဆောင်းရာသီအတွင်း အသားအရေခြောက်သွေ့မှုကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်နည်းကတော့ ထောပတ်သီးဟာ ဆောင်းရာသီအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ အသားအရေ ခြောက်သွေ့တာအတွက် အကောင်းဆုံးဖြစ်သလို အသုံးပြုရတာလည်း လွယ်ကူပါတယ်။ ထောပတ်သီးကို သံလွင်ဆီ အနည်းငယ် နဲ့ ရောပြီး နယ်ပေးကာ မျက်နှာပေါ်လိမ်းပေးပါ။ ထောပတ်သီးနဲ့ သံလွင်ဆီမှာ ပါဝင်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ antioxidant တွေက ဆောင်းရာသီကြောင့် ခြောက်သွေ့နေတဲ့ အသားအရေကို စိုပြေလန်းဆန်းလာစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကြက်ဥအကာ ကတော့ ချွေးပေါက်ကျယ်ပြီး အဆီပြန်တဲ့ သူတွေအတွက် သင့်တော်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ကြက်ဥနှစ်လုံးက အကာတွေကို မျက်နှာမှာလိမ်းပေးပြီး နာရီဝက်ကနေ တစ်နာရီ အထိထားကာ မျက်နှာသစ်ပေးပါ။ နဖူး၊ နှာခေါင်း၊ မေးစေ့တို့ မှာသာ အဆီပြန်ပြီး မျက်နှာပြင်ရဲ့တခြားနေရာတွေမှာ ခြောက်သွေ့နေတတ်တဲ့ ပေါင်းစပ်အသားအရေ (Combination Skin) အမျိုးအစားရှိသူတွေအတွက် ငှက်ပျော သီးကို ခရင်မ်နဲ့ ရောပြီး မျက်နှာပေါ်မှာ တစ်နာရီခွဲကြာအောင် လိမ်းပေးထားပါ။ အသားအရေ နူးညံ့ချော့မွေ့လာမှာ ဖြစ်ပါတယ်။
သတိပြုရန်
အသားအရေကျန်းမာလှပဖို့ဆိုတာက နေ့စဉ်လုပ်ဆောင်နေတဲ့ အလေ့အထတွေအပေါ်မှာအများကြီး တည်မှီနေတတ်တာကြောင့် မျက်နှာကို လက်ချောင်းတွေနဲ့ထိတွေ့တာ၊ ဝက်ခြံတွေကိုဆိတ်ဆွတာ၊ ချွေးတွေကို မသုတ်ဘဲထားတာ၊ အရမ်းကြာနေတဲ့မိတ်ကပ်တွေကို ဆက်သုံးနေတာမျိုး၊ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာ မျိုးတွေကို မလုပ်မိဖို့လည်း သတိထားဖို့လိုပါလိမ့်မယ်။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုလည်းရွေးချယ်အသုံးပြုတာနဲ့ နေ့စဉ်လုပ်နေကျအလေ့အထတွေထဲက ကျန်းမာရေးနဲ့မညီညွတ်တဲ့ အလေ့အထတွေကို သတိထားဆင်ခြင်တာတွေကို ဟန်ချက်ညီအောင်လုပ်ဆောင်ရင်း အများကြားမှာ ထင်ပေါ်နေမယ့် ကျန်းမာလှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေဖို့ လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းပါရစေ။
(Crd: Hello ဆရာဝန်၊ Novel Star)
#PAN