လုံခြုံရေး အာမခံချက် မရှိတော့တဲ့ ကမ္ဘာကြီး

(ဆောင်းပါးကဏ္ဍ) ဒီဇင်ဘာ ၂၉
နေဇင်လတ်

     လက်နက်တွေ သစ်ဆန်းလာပြီး လူတွေရဲ့လောဘ၊ ဒေါသ၊ မောဟတွေ မထိန်းချုပ်နိုင်တော့တဲ့အတွက် ကမ္ဘာ့လုံခြုံရေး အာမခံချက်ဟာ တစ်နေ့တခြား  မှေးမှိန်လာတာ တွေ့ရတယ်။ လုံခြုံရေးလို့ဆိုတဲ့နေရာမှာစစ်ရေး၊ စီးပွားရေး၊
အသက်အိုးအိမ် စည်းစိမ်တွေကအစ နိုင်ငံတွေရဲ့ အချုပ်အခြာနဲ့ လွတ်လပ်ရေးတွေပါ မျက်စောင်း ထိုးခံနေရတဲ့ အချိန်လို့ဆိုရင် မှားမှာမဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းနှစ်ပေါင်း ၈ဝ အတွင်း အရာရာဟာ မရေရာ မသေချာတော့ခြင်း၊ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်ခြင်းစတဲ့ ခြိမ်းခြောက်မှ တွေအရှိဆုံးကာလ၊ အလှုပ်အရမ်းဆုံးကာလ၊ ပဋိပက္ခတွေအများဆုံးကာလ
ဖြစ်လာပါတယ်။

အချိန်မရွေး စစ်ဖြစ်နိုင်တယ်

       နိုင်ငံတိုင်းအချိန်မရွေးစစ်ဖြစ်လာနိုင်တာတွေ့ရတယ်။ စစ်ဖြစ်စေဖို့အကြောင်းပြချက်အမျိုးမျိုး ချက်ချင်း ရောက်လာခွင့်ရှိနေလို့ပါ။ ယူကရိမ်းစစ်ဟာ သင်ခန်းစာရယူဖို့ အတော်ကောင်းတဲ့ဖြစ်ရပ်ဖြစ်ပါတယ်။ ယူကရိမ်းကို NATO ထဲ မသွတ်သွင်းရင်တောင်ဘာမှမဖြစ်ပါဘူး။ ရုရှားကျူးကျော်အောင် ယူကရိမ်းကို NATOထဲ အမြန်နည်းနဲ့ထည့်ဖို့ လုပ်ကြတယ်။ စစ်ဖြစ်အောင် မီးစရှို့လိုက်တာပါပဲ။

       အစ္စရေး- ဟားမက်စစ်လဲ အခုလောက်ပြင်း ပြင်းထန်ထန်ဖြစ်လာစရာ မရှိပါဘူး။ အစ္စရေးနယ်မြေထဲကို ဟားမက်တွေ ကျူးကျော်ဝင်ရောက်လာပြီး အစ္စရေးလူမျိုး ၁၂ဝဝ ကျော်ကို သတ်ဖြတ်သွားခဲ့တဲ့အတွက် အစ္စရေး-ဟားမက်၊ အစ္စရေး – ဟဇ်ဘိုလာတို့ စစ်ဖြစ်ကြရတာပါ။ “အစ္စရေး-အီရန်”လည်း ထို့နည်း တူစွာပါပဲ။ အီရန်စစ်ဘက်ခေါင်းဆောင်ကို အစ္စရေးက လုပ်ကြံတယ်။ ဟဇ်ဘိုလာခေါင်းဆောင်တွေကို ဆက် တိုက်လုပ်ကြံရာက အစ္စရေး-အီရန်ခဏတာစစ်ဖြစ်ခဲ့ရပြန်ပါတယ်။

       အကြောင်းတွေကို ပြောပြရရင် တချို့အကြောင်းတွေက ဘဲဥအစရှာမရတွေလဲ ဖြစ်နေပါတယ်။ ပဝေသဏီ ကတည်းက ရန်ငြိုးရန်စတွေပါနေသလို အကျိုးစီးပွားပေါ်အခြေခံပြီး ဆင်ခြေပေးကောင်း၊ တံဆိပ်တပ်ကောင်းအောင် လုပ်ကြံမှုတွေကလဲ ပါဝင်နေပါတယ်။

သွေးမြေကျစစ်မဟုတ်ရင် စီးပွားစစ်

      ဒုတိယကမ္ဘာစစ်မှာ အသေအပျောက်ကြီး၊ ဆုံးရှုံးမှုကြီးမားတဲ့အတွက် ကုလသမဂ္ဂပေါ်လာခဲ့တယ်။ ကမ္ဘာကြီးနည်းနည်းငြိမ်သွားသလိုရှိခဲ့ပါတယ်။ လောဘ၊ ဒေါသတွေကြောင့် လူတွေဟာ သင်ခန်းစာမေ့တတ်တဲ့ သတ္တဝါတွေအဖြစ်ပြောင်းလဲသွားပြီလို့ ဆိုရပါလိမ့်မယ်။ စစ်အေးကာလကို ရာစုတစ်ဝက်လောက်ဖြတ်သန်းခဲ့ကြတယ်။ ပြိုင်ဘက်နိုင်ငံတချို့တိုးတက်လာတော့ ပလ္လင်ရနိုင်ငံအနေနဲ့ မနေသာပြန်တော့ဘူး။ နန်းမစွန့်ချင်တဲ့လောဘနဲ့ ကမ္ဘာကြီး တစ်ကျော့ပြန် ဆူပွက်လာရာကနေ ဒီနေ့စစ်ကြီးတွေဖြစ်၊ နေရာတိုင်း မီးပွားကျနိုင်တဲ့ အခြေအနေဖြစ်လာရပြန်ပါတော့ တယ်။

       ရုရှားစစ်အင်အားကို ဖြိုချဖို့ ယူကရိမ်းစစ်ကိုဖန်တီးတယ်။ စီးပွားရေးဘက်ကလဲ ပိတ်ဆို့အရေးယူမှုတွေကို လုပ်တယ်။ ဆန့်ကျင်ဘက်နိုင်ငံတွေ ပူး ပေါင်းမိလာကြတဲ့အခါ “ခုခံတော်လှန်မှု”တွေ လုပ်လာကြတယ်။ အဲ့ဒီမှာ ပိုကျယ် ပြန့်လာရတယ်။ အမေရိကန် သုံးငွေကို ဖယ်ကြဉ်ပြီး စီးပွားရေးအင်အားစု အသစ်အနေနဲ့ စုပေါင်းထားတဲ့ BRICS ဟာ ရာဇသံပေးခြင်းခံလာ ရတယ်။ “အမေရိကန်ကသာပထမ” ဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာတဲ့ Donald Trump ဟာ BRICS အဖွဲ့ဝင်နိုင်ငံတွေ အားလုံးကိုသတိပေးကြိမ်းဝါး ပါတော့တယ်။
      “အမေရိကန်ဒေါ်လာကိုဘေးဖယ်ထားရင် BRICS နိုင်ငံတွေအားလုံးကို သွင်းကုန်အပေါ် ရာခိုင်နှုန်း ၁ဝဝ အခွန်တိုးကောက်မယ်”

        ကမ္ဘာကြီးဟာ ဒီမိုကရေစီ၊ကိုယ်ပိုင်အခွင့် အရေးအမှန်တကယ်ပျောက်ဆုံးသွားခဲ့ပါပြီ၊ အင်အားကြီးသူတစ်ဦးရဲ့ အလိုဆန္ဒအတိုင်းဖြစ်မလာရင် အနည်းဆုံးစီးပွားရေးစစ်နဲ့ ရင်ဆိုင်ရတော့မဲ့အခြေအနေဖြစ်လာပါပြီ။

       ထရမ့်ပထမ သက်တမ်း(၂ဝ၁၆-၂၀၂၀) ကာလမှာလဲ တရုတ်နဲ့ ကုန်သွယ်စစ် ထိပ်တိုက်တွေ့ခဲ့ကြပါသေးတယ်။ Covid – 19 လို့ အသိများပြီး ထရမ့် ဘက်က နာမည်ပေးထားတာကတော့ Chinese Virus လို့အမည်ပေးထားတဲ့ ကူးစက်ရောဂါကြီး ကမ္ဘာကို ၂၀၁၉ မှာ စတင်ပျံ့နှံ့လာပါတယ်။ တိုက်ဆိုင်တယ်လို့ ပြောလို့မရအောင် ကူးစက်ရောဂါက အမေရိကန် – တရုတ်ကုန်သွယ်စစ်ကာလမှာ ထွက်ပေါ်လာတာပါ။
         ကူးစက်ရောဂါတွေဟာလဲ တစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်ဖို့ လက်နက်တွေ ဖြစ်လာခဲ့ပါပြီ။

ဆန်းကြယ်လာတဲ့လက်နက်များ

       ယူကရိမ်းစစ်မှာ ရုရှားက Oreshik ဆိုတဲ့နည်းပညာသစ် တာလတ်ပစ်မစ်ဇိုင်းကို စမ်းသပ်ပစ်ခတ်ခဲ့တယ်။ ဘယ်နိုင်ငံကမှပစ်ချနိုင်တဲ့နည်းပညာမရှိ သလို၊ ဒီလိုနည်းပညာမျိုးလဲ ပေါ်ပေါက်လာစရာမရှိဘူးလို့ ရုရှားဘက်က ကြွေးကြော်လိုက်တာ တွေ့ရတယ်။ အမှန်တကယ်လဲအနောက်အုပ်စုက မှင်တက်သွားခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆီးရီးယားဘက်ကနေ ရုရှားကို ဖိအားပေးတော့တာပါပဲ။ ရုရှားကလည်း Zircon နဲ့ မြေထဲပင်လယ်ရေပြင်ကနေ ပစ်ပြခဲ့တယ်။ Zircon ဟာလည်း ရုရှားရဲ့ ပြိုင်ဘက်မရှိသေးတဲ့ မစ်ဇိုင်းတစ်မျိုးဖြစ်ပြီး ယူကရိမ်းစစ်မှာ အနည်း အကျဉ်း သုံးစွဲခဲ့ဖူးတာ တွေ့ရတယ်။ အမေရိကန်အပါအဝင် အခြားအနောက်အုပ်စုရဲ့ လေကာစနစ်တွေ ပစ်မချနိုင်တာ တွေ့ရတယ်။

       Oreshnik ကို ရုရှားဘက်က စမ်းသပ်ပစ်ခတ်မှုအောင်မြင်သွားတော့ အများအပြား ထုတ် လုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ တစ် ပြိုင်နက်တည်းမှာပဲ ရုရှားရဲ့ မဟာဗျူဟာ မိတ် ဆွေကြီးဘဲလားရုစ်ကိုလဲ Oreshnik တွေ ပေး အပ်သွားမယ်လို့ ဆိုတယ်။ ပစ်မှတ်ရွေးချယ်သတ်မှတ်ဆုံးဖြတ်ခြင်း၊ ပစ်ခတ်မှုအမိန့်ပေးခြင်းကို ဘဲလားရုစ်က လုပ်နိုင်မှာလဲဖြစ်တယ်။ ၂ဝ၂၅ နှစ်လယ်လောက်မှာ Oreshmik တွေကို ရုရှားတပ်ဖွဲ့တွေမှာ စတင်ဖြန့်ကြက် တာဝန်ထမ်းဆောင်စေမှာဖြစ်ပြီး ဘဲလားရုစ်ကိုလဲ ၂ဝ၂၅ နှစ်လယ်လောက်မှာ ပေးအပ်သွား မှာဖြစ်တယ်လို့ဆိုတယ်။

        နောက် တက်လာတဲ့ သတင်း တစ်ပုဒ်ကလဲ အတော်ကျောချမ်းစရာ ဖြစ်ပါတယ်။ နိုင်ငံစုံက အာကာသထဲ အကြောင်းအမျိုးမျိုးနဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ထားကြတယ်။ ရုရှားရဲ့ Cos-mos 2553 ဂြိုဟ်တုဟာ ကမ္ဘာ့အထက် မိုင် ၁၂၄ဝ အထက် ‘Graveyard’ ပတ်လမ်းကြောင်းမှာ လှည့်ပတ်နေပါတယ်။ (Graveyard Orbit ဆိုတာ အသုံးမပြုတော့တဲ့ ဂြိုဟ်တုတွေကို ထားရှိတဲ့ ပတ်လမ်းကြောင်းဖြစ်ပါတယ်။)

       Cosmos 2553 ကနေ နျူထိပ်ဖူးတပ်ဒုံးကို ကမ္ဘာ့အနီးကပ်လေထုထဲမှာ ဖောက်ခွဲလိုက်မယ်ဆိုရင် လျှပ်စစ်သံလိုက်လှိုင်းတွေ ကမောက်ကမဖြစ်ပြီး အလုပ်မလုပ်နိုင်ကြတော့ဘူးလို့ ဆိုပါတယ်။ EMP – Electro Magnetic Pulse တွေ သဘောရှိတဲ့ လက်နက်မျိုးနဲ့ ဥပမာ နီးစပ်ပါလိမ့်မယ်။ ရန်သူဘက်က အကြီးစားလက်နက်၊ မစ်    ဇိုင်းတွေ “အ” ပြီး အလုပ်မလုပ်နိုင်စေတဲ့ လက်နက်ဆန်းလို့ ပြောရမှာ ဖြစ်ပါတယ်။ အနုမြူဗုံး သုံးစရာမလို၊ စစ်ကြီးတိုက်စရာ မလိုတော့ဘဲ ရန်သူ့ခြေလက်တွေကို “ချုပ်” ပစ်လိုက်တဲ့ လက် နက်မျိုးဖြစ်ပါတယ်။ သေကျေပျက်စီးမှုမများပဲ စစ်ကိုအမြန်ဆုံး အဆုံးသတ်စေမဲ့ နည်းပညာလွန် လက် နက်များလို့လည်း တင်စားရမှာပါ။

      အနောက်နိုင်ငံတွေမှာလဲ အလားတူ လက်နက်တွေ၊ လေဆာလက်နက်တွေရှိနေမှာ မလွဲပါဘူး။ လျှို့ဝှက်ထားကြတဲ့အတွက် ဘယ်သူ့ လက်နက်က ဘယ် လောက် သာသလဲဆိုတာ ဘယ်သူကမှ မသိနိုင်ကြသေးပါဘူး။ မထိန်းသိမ်းနိုင်ကြလို့ နျူလက်နက် အသုံးပြုကြမယ်ဆိုရင်တော့ နျူဗုံးအပြန်အလှန် ပေါက်ကွဲပြီး ပထမတစ်နာရီအတွင်းမှာ လူဦးရေသန်းခြောက်ထောင် သေကျေမယ်။ နောက်ပိုင်း သန်းတစ်ထောင်ရောဂါနဲ့ သေမယ်လို့ တွက်ချက်ထားတာ တွေ့ရတယ်။

သဘာဝလား လက်နက်ဆန်းလား

       ကမ္ဘာကြီး ပူနွေးလာတာကလဲ အကြောင်း ပါ။ Weather Weapon ဆိုတဲ့ ရာသီဥတုကိုပြောင်းလဲဖန်တီးနိုင်တဲ့ လက်နက်ဆန်းတွေပေါ်လာတာကလဲ တစ်ကြောင်းပါ။ ကမ္ဘာ့အနှံ့ မြေငလျင်တွေ မကြာခဏလှုပ်၊ မီးတောင်တွေပေါက်ကွဲမှုဖြစ်လာတဲ့အကြိမ်ပိုများနေတာတွေ့လာရတယ်။ ဖလော်ရီဒါမှာ ဆိုရင်ဆိုင်ကလုန်းသုံးကြိမ် မရှေးမနှောင်း တိုက်ခတ်သွားတာက သဘာဝကြောင့်လား၊ ဆိုင်ကလုန်းဖန်တီးနိုင်တဲ့ နည်း
ပညာကြောင့်လားဆိုပြီး မေးခွန်းထုတ်လာခဲ့ကြတယ်။

       အလွန်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့တယ်။ “သဲကန္တာရ” ဆိုရင် သစ်ပင်မရှိ သဲပြင် လွင်တီးခေါင်ကြီးဆိုတာအားလုံးက သိရှိပြီးခဲ့ကြပြီးဖြစ်တယ်။ ဆော်ဒီက သဲကန္တာရကြီးဟာ နှင်းမုန်တိုင်းတွေ တိုက် ခတ်သွားတာကြောင့် အညိုရောင်သဲပြင်ကြီးကို အဖြူရောင်နှင်းတွေဖုံးအုပ်သွားခဲ့တာ အံ့ဩစရာ တွေ့လိုက်ရတယ်။ ဆော်ဒီနိုင်ငံလို ဖြစ်တည်လာခဲ့တဲ့သမိုင်းတစ် လျှောက်ဒါမျိုးတစ်ခါမှ မတွေ့ကြုံဖူးခဲ့ပဲ ဒါက ပထမဆုံးအကြိမ် ဖြစ်တယ်လို့ဆိုပါတယ်။

      ကမ္ဘာကြီးဟာ ကူးစက်ရောဂါလက်နက်၊ သံလိုက် စက်ကွင်းဖျက်ဆီးပစ်နိုင်တဲ့ လက်နက်၊ ရာသီဥတုဖောက်ပြန်စေတဲ့ လက်နက်စသဖြင့်အမျိုးမျိုးအဖုံဖုံသော လက်နက်ဆန်း၊ နည်းပညာဆန်းတွေရဲ့အောက်မှာ အကြီးအကျယ်ခြိမ်း ခြောက်မှု၊ ခံနေရတဲ့အချိန်ဖြစ်လာခဲ့ပါပြီ။
        ဒါတင်ပဲလားဆိုရင် မဟုတ်သေးပါဘူး။
        ထောက်လှမ်းရေး အားပြိုင်မှုတွေကလဲ ကြောက်ခမန်းလိလိပါပဲ။

ဆိုက်ဘာစစ်ဆင်ရေး

       နင်လား-ငါလားတကယ်ဖြစ်လာပြီဆိုရင် Cyber Operation ကလည်း အတော်အရေးပါပြီး အဓိကကျနေပါတယ်။ သတင်းတစ်ခုမှာ iPhone တွေ Text မရိုက်ကြဖို့ တိုက်တွန်းလာတာတွေ့ရတယ်။ Apple ထုတ် ကုန်ဆိုရင် လုံခြုံစိတ်ချရမှု အရှိဆုံးလို့ နာမည်ကြီးခဲ့ပါတယ်။ အခု Apple ရဲ့ iPhone တွေကို တရုတ်က Hack ထားနိုင်ပြီလို့ ဆိုပြီး Meta က သုံးစွဲသူတွေရဲ့ Data
အများအပြားလဲ Hacker တွေဆီပါသွားပြီလို့ ဆိုထားတဲ့ သတင်းတစ်ပုဒ်တက်လာခဲ့တယ်။

      ရက်အနည်းငယ်အခြားမှာပဲ ထပ်တက်လာတဲ့သတင်းတစ်ခုအရ အမေရိကန်ကာကွယ်ရေး အရေး ကြီးတဲ့ ဌာနတွေရဲ့အချက်အလက်တွေသတိ ထားကြရလိမ့်မယ်။ တရုတ် Hacker တွေ အဓိက ထိုးဖောက်ပြီးကွန်ရက် တစ်ခုလုံးကို ဖောက်သွားနိုင်ကြပြီဆိုတဲ့ သတင်းကလည်း အတော်ကြောက်စရာကောင်း လှပါတယ်။

       သမ္မတရှီကျင့်ဖျင်ရဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ နိုင်ငံ ခြားရေးဝန်ကြီးနှစ်ဦးကို ၂၀၂၄ ထဲမှာ ရာထူးက ဖယ် ရှားလိုက်တယ်။ လူလတ်ပိုင်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီးဆိုရင် အလားအလာ အများကြီးရှိပြီး ရှီကျင့်ဖျင် ကိုယ်တိုင်သား တစ်ဦးလို ချစ်ခင်မှုကို ခံထားရသူပါ။ သူတို့နှစ်ဦးလုံး CIA နဲ့ ချိတ်ဆက်မှု ရှိတယ်ဆိုတဲ့အထောက်အထား ထွက်ပေါ်လာပြီး ရာထူးကနေ ဖယ်ရှားခြင်းကို ခံလိုက်ကြရပါတယ်။

အစိုးရလွှတ်တော်တွေထဲမှာလည်း သူ့လူကိုယ့်လူ

      ထောက်လှမ်းရေးဟာ နိုင်ငံတစ်ခုရဲ့ သွေးမထွက်တဲ့စစ်ဆင်ရေးတစ်ခု ဖြစ်ပါတယ်။ နိုင်ငံတိုင်းမှာ သူ့လူကိုယ့်လူတွေစည်းရုံးထားပြီး၊ ဖြန့် ကြက်ထားပြီးဖြစ်နေပါတယ်။ ဘယ်လောက် အထိထိုးဖောက်လာနိုင်ကြပြီလဲဆိုရင် လွှတ်တော်အမတ်တွေ၊ ပြည်နယ်အစိုးရတွေထဲမှာ သာမကတော့ပဲ ပြည်ထောင်စုအစိုးရအတွင်း နိုင်ငံတော်အဆင့်အဖွဲ့အစည်းတွေထဲမှာ၊ ဗဟိုလွှတ်တော်တွေထဲမှာ အထိအပြန်အလှန်ထိုးဖောက်နေရာယူထားကြပြီးဖြစ်ပါတယ်။

      အမေရိကန်ရဲ့သတင်းတွေ ရုရှားနဲ့ တရုတ်ကို ရောက်နေသလို ရုရှားနဲ့ တရုတ်ရဲ့သတင်းတွေလည်းအမေရိကန်ဆီကိုမဆိုင်းမတွရောက်နေကြပါတယ်။ ဘယ်သူက ဘယ်လောက်အထိ ထိုးဖောက်နိုင်ကြသလဲဆိုတာသာ မသိနိုင်ကြပါ။၂၀၁၆ သမ္မတ ဖြစ်လာအောင် Trump ကို ရုရှားက ကူညီခဲ့တယ်။ ၂၀၂၀ မှာ ဘိုင်ဒင်သမ္မတဖြစ်ရေး တရုတ်ရဲ့ အကူအညီပါနေတယ်ဆိုတဲ့သတင်းတွေက အလကားဖြစ်လာခဲ့ကြတာ မဟုတ်ပါဘူး။ ကမ္ဘာ့အဆင့်တစ် နိုင်ငံကြီးရဲ့သမ္မတအဆင့်အထိအနည်းအများ “ကြိုးသီခံ”၊ နှောင်ကြိုးအရစ်ပတ်ခံနေကြရပြီဆိုတော့ နိုင်ငံငယ်လေးတွေရဲ့ အခြေအနေကိုစဉ်းစားကြည့်နိုင်ကြပါလိမ့်မယ်။

• ယူကရိမ်းစစ်ဖြစ်တယ်။
• အနောက်အုပ်စုက မျှော်လင့်သလိုဖြစ်မလာဘူး။
• အစ္စရေး အခြေခံပြီး အရှေ့အလယ်ပိုင်းစစ်ဖြစ်တယ်။
• ဆီးရီးယားစစ်နဲ့ ရုရှားကို ဖိအားပေးတယ်။
• တောင်ကိုရီးယားအစိုးရအတွင်း ပြဿနာတက်တယ်။
      အဲ့ဒီဖြစ်ရပ်တွေဟာ ဆက်စပ်နေပါတယ်။

       တောင်ကိုရီးယားအစိုးရအတွင်း အတိုက်အခံတွေအတွင်းမှာ အခြားဆန့်ကျင်ဘက်တွေ ဘယ် လောက် ထိုးဖောက်စည်းရုံးထားပြီးပြီလည်းကို ဘယ်သူကမှ မသိနိုင်ပါ။ ဆီးရီးယားစစ်မှာ အာဆတ်နိမ့်သွားတာ ငြင်းမရပါဘူး။ ချက်ချင်း တောင်ကိုရီးယားအစိုးရနဲ့ လွှတ်တော်တို့ ထိပ် တိုက်တွေ့ကြပြီး သမ္မတ ထွက်ပေးရဖို့အဆင့်ထိဖြစ်လာတယ်။ နိုင်ငံရေးတည်ငြိမ်မှု၊ ပျက်ပြားသွားစေတာဖြစ်တယ်။

       ကမ္ဘာကြီးဟာ မြင်သိနိုင်တဲ့ စိန်ခေါ်မှုတွေ၊ ခြိမ်း ခြောက်မှုတွေ အပြင် မမြင်နိုင်တဲ့ စိန်ခေါ်မှု၊ လျှို့ဝှက်မှုပေါင်းစုံရဲ့ ခြိမ်းခြောက်မှုကိုပါရင်ဆိုင်နေရတဲ့ အဆိုးဆုံးကာလတစ်ခုကို ရင်တထိတ်ထိတ်ဖြတ်သန်းနေရတဲ့ ကာလဖြစ်နေပြီလို့ မြင်ပါတယ်။

#PAN