မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် ရွှေကြိုများ ခေါ်ယူ


(ပြည်တွင်း) နိုဝင်ဘာ ၂၆

နေပြည်တော်မှာ ကျင်းပမယ့် ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားအတွက် အကယ်ဒမီ ဆုဗန်း ကိုင်ဆောင်ရန် ရွှေကြိုများခေါ်ယူကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ သိရပါတယ်။

ရွှေကြိုအဖြစ် လျှောက်ထားသူများက ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ အသက် ၁၆ နှစ်ပြည့်ပြီးသူနှင့် အသက် ၂၅ နှစ် မကျော်လွန်သူဖြစ်ရမည်ဖြစ်ကာ အိမ်ထောင်မရှိသူ အပျို/လူပျို ဖြစ်ရမယ်လို့ သိရပါတယ်။

ထိုနည်းတူ အမျိုးသမီး အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၂ လက်မမှ ၅ ပေ ၈ လက်မ အတွင်း ဖြစ်ရမည်ဖြစ်ကာ အမျိုးသား၏ အရပ်အမြင့်မှာ (ဖိနပ်မပါ) ၅ ပေ ၆ လက်မ မှ ၆ ပေ အထိ ဖြစ်ရမည်ဟု သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးကောင်းမွန်သူ၊ အကျင့်စာရိတ္တကောင်းမွန်သူနှင့် ကိုယ်ခန္ဓာအချိုးအစား ပြေပြစ်သူဖြစ်ရမည်ဖြစ်ကာ လျှောက်လွှာများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမှတ်(၁၆)၊ ဝင်္ဂဘာလမ်း၌ နိုဝင်ဘာလ ၂၆ ရက်မှာ စတင်ထုတ်ယူနိုင်ပြီး ဒီဇင်ဘာလ ၆ ရက် ညနေ ၄ နာရီမတိုင်မီ နောက်ဆုံးထားလျှောက်ထားနိုင်ကြောင်း သိရပါတယ်။

အရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်များအတွက် ရှေ့ဆက်မည့် အနုပညာလုပ်ငန်းအစီအစဉ်များ သီးခြားရှိကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အသိပေးကြေညာထားပါတယ်။

၂၀၂၄ ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနားကြီးကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်မှာ နေပြည်တော်ရှိ MICC1 မှာ ကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်အတွက် အကယ်ဒမီအကျုံးဝင်တဲ့ ရုံတင်ထားသော ရုပ်ရှင်ဇာတ်ကားပေါင်း ၆၀ ကျော်ကို ပဏာမအဆင့်အကဲဖြတ်ခဲ့ကြပြီး ကားပေါင်း ၂၄ ကားကို ဒုတိယအဆင့်ရွေးထုတ် ကြည့်ရှုနေကြပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယအဆင့်မှာ ပါဝင်နေတဲ့ ဇာတ်ကားတွေကတော့ ဆုပေးတဲ့ဆူး၊ ဘိုးတော်ကင်း၊ ချစ်သူသာပန်းတစ်ပွင့် ဖြစ်ခဲ့လျှင်၊ အစိုးမရ အနတ္တ၊ တုနိူင်းမမှီသည့်စံ၊ ကဝေ၊ တခုတ်တရ၊ ဖုန်းရွှေ၊ လာခေါ်သူ၊ မိတင်စိန်၊ အောက်စီဂျင်၊ နို့ထမင်း၊ စိတ်ကကြိုး၊ မီး၊ အရက်စက်ဆုံးအနမ်း၊ သဘင်သည်မြနှင်းဆီ၊ နှောင်၊ လူနောက်၊ အိပ်မက်ကာရန်၊ တိမ်ပန်းချီ၊ မေတ္တာ၊ အမျိုးကိုချစ်ပါ၊ ဇော်ဂနီ၊ ပြုစား တို့ဖြစ်ကြပါတယ်။

လက်ရှိမှာအထက်ပါ ဇာတ်ကားများကို ဆက်လက်အကဲဖြတ်နေပြီး စိန်ခေါ်မှုနဲ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဆုကတော့ အမျိုးသမီးဇာတ်ပို့ဆုနဲ့ အမျိုးသမီးဇာတ်ဆောင်ဆုတို့ဖြစ်ကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN