ကျန်းမာရေးဝန်ကြီးဌာနမှ အများပြည်သူသုံးစွဲရန်မသင့်တဲ့ ဆေးဝါးများကို ကြေညာ


(ပြည်တွင်း) အောက်တိုဘာ ၂၄

ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိရာ ဈေးကွက်အတွင်း တွေ့ရှိရတဲ့ သိဒ္ဓိထွန်းအမှတ်တံဆိပ် အမျိုးသားအားဆေး၊ ဂုဏ်မာန်တစ်ထောင် အမှတ်တံဆိပ် သက်စောင့်အားတိုးဆေးနှင့် ဆောင်တော်ကူးအမှတ်တံဆိပ် အမျိုးသားအကြောအားတိုးဆေး တို့ဟာ သုံးစွဲရန်မသင့်တဲ့ ဆေးဝါးများအဖြစ် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဆိုပါဆေးဝါးများကို စစ်ဆေးခဲ့ရာမှာ အခြားဆေးဝါးများ၏ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်-TMR နံပါတ်ကို ထည့်သွင်းအသုံးပြုထားခြင်း၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် ခွင့်ပြုထားမှုမရှိခြင်း၊ ဓာတ်ခွဲစစ်ဆေးစမ်းသပ်ချက်အရ အနောက်တိုင်းဆေးများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိ ရတာကြောင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးသဖြင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ် ထုတ်ပြန်ချက်အရ သိရပါတယ်။

တိုင်းရင်းဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းများနှင့် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များအနေနဲ့ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးများ၊ ဆေးဝါးအတုများ၊ စံမညီ တိုင်းရင်းဆေးဝါးများ၊ အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားတဲ့ တိုင်းရင်းဆေးဝါးများ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ် (Ethic)အရ လုံးဝ(လုံးဝ)မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက တိုင်းရင်းဆေးဝါးဥပဒေပုဒ်မ (၃၁) ၊ (၃၂) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN