ယာဥ်ကြောပိတ်ဆို့စစ်ဆေးစဥ် တံတားမိုင်းခွဲမှုမှာပါဝင်သည့် PDF ၂ ဦးအား ဖမ်းဆီးရမိဟုဆို


(ပြည်တွင်း) စက်တင်ဘာ ၂၃

သထုံမြို့နယ်အတွင်းရှိ လမ်းတံတားများအားမိုင်းခွဲဖျက်ဆီးရာတွင်ပါဝင်ခဲ့သူ နှစ်ဦးအားဖမ်းဆီးရမိသည်ဟု လုံခြုံရေးနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့် တွင် သထုံမြို့ ၊ သိမ်ဆိပ်ရပ်ကွက် ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင် လုံခြုံရေးပူးပေါင်းအဖွဲ့များမှ ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်နေစဉ် ၎င်းတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သထုံဘက်မှ ဘီးလင်းဘက်သို့ မျိုးမင်းဆန်း(ခ)ခေါင်းချွန်၊ ရပ်ကွက်(၅)၊ ကမာစိုင်ရွာ၊ ဒုံဝန်းကျေးရွာအုပ်စု၊ သထုံမြို့နယ်နေသူမှ မောင်နှင်းပြီး နောက်တွင် ကံထူးအောင်(ခ)မောင်လူဆိုး၊ ရပ်ကွက်(၁)၊ ကမာစိုင်ကျေးရွာ၊ ဒုံဝန်းကျေးရွာအုပ်စု၊ သထုံမြို့နယ်နေသူ (၂)ဦးမောင်းနှင်လာသည့် မသင်္ကါဖွယ်ရာ Honda wave 100 (ငှက်ခါးရောင်)မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့မှာ PDF အကြမ်းဖက်များဖြစ်သည်ဟု သိရသည်။

၎င်းတို့အား စစ်ဆေးချက်များအရ ကံထူးအောင်(ခ)မောင်လူဆိုးမှာ PDF (အကြမ်းဖက်)သင်တန်း အမှတ်စဉ်(၁/၂ဝ၂၂) နှင့် မျိုးမင်းဆန်းမှာ PDF(အကြမ်းဖက်)သင်တန်း အမှတ်စဉ် (၁၄/၂၀၂၄)တွင် တက်ရောက်ခဲ့ သူများဖြစ်ပြီး ၎င်းတို့(၂)ဦးမှာ လမ်း/ တံတားများအား အကြမ်းဖက် မိုင်းထောင်ဖောက်ခွဲရာတွင်လည်း ပါဝင်လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

PDF(အကြမ်းဖက်)အဖွဲ့များနှင့်ဆက်နွယ်၍ အကြမ်းဖက်သင်တန်းများ တက်ရောက်ပြီး လမ်းတံတားများအား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲရာ ပါဝင်လုပ်ဆောင်ခဲ့ကြသည့် တရားခံ မျိုးမင်းဆန်းနှင့် ကံထူးအောင်(ခ)မောင်လူဆိုး တို့(၂)ဦးအား သိမ်ဆိပ်ရဲစခန်းမှ (ပ) ၅၀/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)/၅၂(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN