မိုင်းဆတ်မြို့၊ ပိန်းခမ်းကျေးရွာ တစ်ရွာလုံး ရေနစ်မြုပ်ခဲ့ပြီး အရေးပေါ်အကူအညီများလိုအပ်နေ


(ပြည်တွင်း) စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့၊ မိုင်းယွန်းကျေးရွာအုပ်စုအတွင်းရှိ ပိန်းခမ်းကျေးရွာမှာ ရေကြီးရေလျှံမှု များကြောင့် တစ်ရွာလုံးရေနစ်မြုပ်ခဲ့ကာ ပြန်လည်ထူထောင်ရေးအတွက် အရေးပေါ်အကူအညီများ လိုအပ်လျက် ရှိတယ်လို့ သိရပါတယ်။

အဆိုပါကျေးရွာက ယခုလ စက်တင်ဘာလ ၁၀ ရက်ကနေစတင်ကာ နမ့်ခုတ်ချောင်းရေ မြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး၊ ရွာအတွင်းရှိ အိမ်ခြေ ၈၀ ကျော် ရေနစ်မြုပ်ခဲ့ရတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့ ကာလမှာ ဒေသတွင်းရှိ အင်တာနက်နှင့် ဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက် ခဲ့ရတဲ့အတွက် မိုင်းဆတ်မြို့နယ်အတွင်းရှိကျေးရွာများ ရေကြီးရေလျှံမှုကြုံခဲ့ရတဲ့ အခြေအနေများကို ရပ်ဝေးနေသူများ မသိခဲ့ရခြင်းဖြစ်ပါတယ်။

တစ်ရွာလုံးရှိ လူနေအိမ်များ ရေနစ်မြုပ်ခဲ့တဲ့ ပိန်းခမ်းရွာက မိုင်းဆတ်မြို့တွင်းနှင့် ဝေးကွာပြီး နမ့်ခုတ် ချောင်းရေလျှံလာမှုကြောင့် ရေဘေးသင့်ခဲ့ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ရေကြီးရေလျှံမှုဖြစ်စဉ်အတွင်း မိုင်းဆတ်-တာချီလိတ်သွားလမ်းပိုင်းရှိ ဆိုက်ခေါင်တံတားမှာလည်း စက်တင်ဘာလ ၁၀ ရက်ညနေပိုင်းက တောင်ကျချောင်းရေကြောင့် ကျိုးကျပျက်စီးခဲ့ရပြီး၊ ဒေသတွင်းလမ်းပန်း ဆက်သွယ်ရေးများ ပြတ်တောက်ခဲ့ ရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN