အစာလည်းဆေး . . .ဆေးလည်းအစာဖြစ်စေဖို့ . .


(ကျန်းမာရေး) ဩဂုတ် ၇

မြန်မာလူမျိုးများအတွက် နေ့စဉ်စားသုံးနေသော အစားအစာများတွင် မရှိမဖြစ်ပါဝင်နေသော အရာမှာ ဆန်(ထမင်း)ဖြစ်ပြီး အဓိကအားပြု စားသုံးကြသည်ဟု ဆိုပါက မမှားနိုင်ပေ။ ထိုသို့စားသုံးရာတွင် လူတစ်ဦးစီအတွက် နေ့စဉ်လိုအပ်ချက်အပေါ်မူတည်၍ ပမာဏမတူညီကြောင်း သိရှိနိုင်သည်။ အချို့သောရောဂါများ (အထူးသဖြင့် နာတာရှည်ရောဂါများ) ခံစားရသူများမှာ အစားအသောက် ရှောင်ရန်/ဆောင်ရန်များအား ဂရုပြု ဆင်ခြင်နေကြရသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ရာ မိမိတို့နေ့စဉ် စားသုံးလျက်ရှိသော အစားအစာများ၏ ကိုယ်ခန္ဓာအပေါ် အကျိုးဖြစ်ထွန်းစေရန် လိုအပ်ကြောင်း သိရှိစေလိုသည်။

အဓိကထားစားသုံးလျက်ရှိသည့် ဆန်အမျိုးအစားများစွာ ရှိသည့်အနက်မှ ယနေ့ခေတ်တွင် လူပြောများပြီး စိတ်ဝင်တစား အသုံးပြုလာသည့် Riceberry အကြောင်း အဓိကထားဆွေးနွေးလိုပါသည်။ လွန်ခဲ့သောဆယ်နှစ်ကျော်က ဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့ပြီး ယနေ့ခေတ် Riceberry သည် ၎င်း၏ထူးခြားသော အသွင်အပြင်၊ အာဟာရတန်ဖိုးနှင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာကြောင့် စားသုံးသူများကြားတွင် လူသိများလာခဲ့သည်။ နိုင်ငံတကာရှိ သုတေသနအဖွဲ့များမှ ကောက်နှံတစ်ခုလုံး စားသုံးခြင်းသည် မကူးစက်နိုင်သောရောဂါများ ဖြစ်သည့်အစားအစာနှင့် ဆက်စပ်သော နာတာရှည်ရောဂါများကို ဖြေရှင်းပေးနိုင်ရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြသည်။ Riceberry ၏ ခရမ်းရောင်ကြွယ်ဝသော အရောင်ခြယ်ပစ္စည်းသည် အဖိုးတန်လှသည့် အစားအစာအများစုကဲ့သို့ပင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant)နှင့် အခြားဒြပ်ပေါင်းများ ကြွယ်ဝမှုရှိကြောင်း ဖော်ပြကြသည်။

သက်သတ်လွတ်စားသူများနှင့် ကျန်းမာရေးကို ဂရုစိုက်သော စားသုံးသူများကြား အလွန်ရေပန်းစားပြီး အော်ဂဲနစ်အစားအစာအဖြစ် သတ်မှတ်ကြသည်။ သုတေသီများသည် အာဟာရတန်ဖိုး၊ မွှေးရနံ့နှင့် ဆန်အရသာကို မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် Riceberry ကို စတင်တီထွင်ခဲ့သည်။ ယနေ့အထိ မူပိုင်ခွင့်လျှောက်ထားမှု ၃၉ ခုနှင့် ထောက်ခံထားသော မူပိုင်ခွင့် ၁၈ ခုဖြင့် Riceberry ကို အဓိကထား သုတေသနပြုသည့် ပရောဂျက် ၆၅ ခုရှိသည်။ Riceberry တွင် အစွမ်းထက်သော ဓာတ်တိုးဆန့်ကျင် ပစ္စည်းများ၊ ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဓာတုပစ္စည်းများနှင့် ကျန်းမာရေးကို အထောက်အကူပြုသည့် ဒြပ်ပေါင်းများ ကြွယ်ဝစွာပါရှိပြီး ရောဂါအန္တရာယ်များကို လျှော့ချပေးနိုင်သည်။ အသိအမှတ်ပြု အော်ဂဲနစ် Riceberry များကို ထိုင်းနိုင်ငံ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တစ်ဝိုက်ရှိ အဓိကနေရာ ၁၂ ခုတွင် အရည်အသွေးမြင့်ဆန်များ ကြီးထွားမှုအတွက် ရာသီဥတုကောင်းမွန်သောနေရာများတွင် တည်ထောင် ထားသည်။ Riceberry သည် ၂၀၁၇ ခုနှစ်ကတည်းက အပင်မျိုးကွဲကာကွယ်ရေး ဥပဒေအောက်တွင် ထောက်ခံအတည်ပြုထားပြီး ၂၀၁၁ ခုနှစ်ကတည်းက ထိုင်းနိုင်ငံနှင့် နိုင်ငံတကာရှိ ဉာဏပစ္စည်းပိုင်ဆိုင်မှု ဌာနအောက်တွင် ကုန်သွယ်မှုအမှတ်တံဆိပ်များကို အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့ကြောင်း သိရှိရသည်။

အနီရောင်နှင့်ခရမ်းရောင် Riceberry သည် ပရိုအန်တိုဆိုက်ယာဒီဒင်နှင့် အန်သိုဆိုက်ယာနင်များ အသီးသီးမြင့်မားစွာ ပါဝင်မှုကြောင့် အရောင်ဖျော့သော ဆန် သို့မဟုတ် အခြားစီရီရယ်များထက် ဖလေဗွန်နွိုက်ပါဝင်မှုနှင့် ဓာတ်တိုးဆန့်ကျင်စွမ်းရည် သိသိသာသာ မြင့်မားသည်။ ဖီနိုလစ်နှင့် ဖလေဗွန်နွိုက်အဆင့်များ၏ ပြင်းအားသည် အရောင်ဖျော့သော ဖွဲနုဆန်များတွင် ထက်ဝက်ခန့် ပါဝင်သော်လည်း ခရမ်းရောင်နှင့် ဖွဲနုဆန်နှစ်မျိုးထက် နည်းပါးပါသည်။

ဆန်ဖြူတွင် မတွေ့ရသည့် beta-carotene နှင့် lutein တို့အား Riceberry တွင် တွေ့ရပြီး ပိုလီဖီနော၊ tannin နှင့် catechin ပမာဏသည် သာမန်ဆန်လုံးညိုထက် ၃ ဆမှ ၁၀ ဆပိုများသည်ကို တွေ့ရှိခဲ့သည်။ Riceberry တွင် ဗီတာမင် B1၊ B2၊ B3 နှင့် B9 ပါဝင်ပြီး ၁၀၀ ဂရမ်မှာ ဖောလိတ် ၄၈ ဂရမ် (ဗီတာမင် B9) ပါဝင်သည်။ အူမကြီးကင်ဆာ၊ ရင်သားကင်ဆာနှင့် သွေးကင်ဆာတို့တွင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး

ရောဂါအခြေအနေ တိုးတက်ကောင်းမွန်လာစေကြောင်း သုတေသနရလဒ်များက ဖော်ပြသည်။ အူမကြီးကင်ဆာဆဲလ်များ ကြီးထွားမှုကို အတိအကျ ဟန့်တားနိုင်ကြောင်း သုတေသနပြုထားသည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများနှင့် ဇီဝဖြစ်စဉ်ရောဂါများကို ကုသခြင်း၊ ကင်ဆာရောဂါ ကာကွယ်ခြင်းအပြင် လေ့လာမှုများအရ Riceberry ကို ဆီးချိုရောဂါရှိအောင် ပြုလုပ်ထားသော ကြွက်များတွင် ဖြည့်စွက်စာအဖြစ် ကျွေးခြင်းဖြင့့် hyperglycemia၊ hyperlipidemia၊ oxidative stress နှင့်ရောင်ရမ်းမှုကို သက်သေပြထားသည်။ လေ့လာမှုများအရ Riceberry ကို အသုံးပြုခြင်းသည် ကောင်းသော ကိုလက်စထရော ပမာဏကို တိုးမြင့်စေပြီး မကောင်းသော ကိုလက်စထရောပမာဏကို လျော့နည်းစေကြောင်း သက်သေပြခဲ့ကြသည်။ လေ့လာမှုတစ်ခုအရ ၁၂ ပတ်အကြာတွင် Riceberry သည် malondialdehyde သိသိသာသာလျော့ကျသွားပြီး ဆီးချိုရောဂါကြွက်များတွင် ပြန်လည် ကောင်းမွန်စေကြောင်း တွေ့ရပြီး အသည်းနှင့်ကျောက်ကပ်ထိခိုက်မှုများကို လျော့နည်းစေသည်။

Riceberry က ကိုယ်အလေးချိန်ကျဖို့ တကယ်ကို ကူညီပေးပါသလား

အင်တီအောက်ဆီးဒင့်များ ကြွယ်ဝသောကြောင့် Riceberry သည် ကိုယ်အလေးချိန်နှင့် သကြားစားသုံးမှုကို ထိန်းထားသူတွေအတွက် ကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်သည်။ ထို့ပြင် အမျှင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သောကြောင့် အစာကြေရန်အတွက် အချိန်ပိုကြာစေပြီး အစာခံနိုင်စေသည်။ အဆိုပါ အမျှင်ဓာတ်သည် သင်၏သွေးအတွင်းရှိ သကြားနဲ့ အဆီပမာဏကို ထိန်းပေးနိုင်သည့်အပြင် အစာခြေစနစ်ကိုလည်း ကူညီပေး

သည်။ ထို့ကြောင့် Riceberry သည် ကိုယ်အလေးချိန် ထိန်းသိမ်းသူများအကြားတွင် ရေပန်းစားသော ရွေးချယ်မှုတစ်ခု ဖြစ်လာသည်မှာ အံ့သြစရာမဟုတ်ပေ။

အချုပ်အားဖြင့်ဆိုသော် Riceberry ၏ အကျိုးကျေးဇူးများအား အောက်ပါအတိုင်း တွေ့ရနိုင်ပါသည်-

(က) ဓာတ်တိုးဆန့်ကျင်ပစ္စည်းနှင့် ဖောလိတ်တို့အပြင် ခန္ဓာကိုယ်အတွက် အရေးကြီးသော အခြားအာဟာရဓာတ်များ ကြွယ်ဝစွာပါရှိသည်။

(ခ) သွေးစီးဆင်းမှုကို အားကောင်းစေပြီး အိုမင်းရင့်ရော်မှုကို တိုက်ဖျက်ပေးနိုင်သည့်အပြင် မျက်စိအမြင်အာရုံနှင့် အာရုံကြောစနစ်၏ လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်စေသည်။

(ဂ) Riceberry တွင် ဖောလိတ်ဓာတ်မြင့်မားစွာ ပါဝင်သောကြောင့် ကလေးငယ်များတွင် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲတွေကို ကြိုတင်ကာကွယ်ပေးသည်။ ထို့ပြင် ကိုယ်ဝန်ဆောင်ချိန်မှာ အထူးလိုအပ်တဲ့ သံဓာတ်လည်း ပါဝင်သည်။

(ဃ) အမျှင်ဓာတ်များ ပါဝင်သောကြောင့် အစာခြေစနစ်ကို အထောက်အကူပြုသည်။

(င ) ဗီတာမင် E သည် အသက်သုံးဆယ်ကျော် အမျိုးသမီးများအတွက် အထူးအထောက်အကူဖြစ်စေသော ကော်လာဂျင်ထုတ်လုပ်မှုကို ကူညီပေးသောကြောင့် နုပျိုသောအသားအရေကို ပြန်လည်ရရှိစေသည်။

(စ ) နှလုံးကျန်းမာစေခြင်း၊ ဆဲလ်များပြန်လည်ကောင်းမွန်စေခြင်းနှင့် သွေးနီဥဆဲလ်များ ထုတ်လုပ်မှုကို အရှိန်မြှင့်ပေးသည့် အာဟာရ အရင်းအမြစ်တစ်ခုဖြစ်ပြီး သွေးအားနည်းရောဂါ၊ ကင်ဆာအမျိုးအစားအချို့နှင့် စိတ်ဓာတ်ကျ ရောဂါလက္ခဏာများကို လျှော့ချပေးသည်။

(ဆ ) ပရိုတင်းများကို ခြေဖျက်ပေးသော ဇင့်ပါဝင်သောကြောင့် ကော်လာဂျင်ထုတ်လုပ်မှုကို မြန်ဆန်စေသည်။ ၎င်းသည် ဝက်ခြံ၊ ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးပြီး ဆံပင်အမြစ်များကို ကျန်းမာစေသည်။

(ဇ ) ၎င်းတွင် သွေးကြောအတွင်း ကိုလက်စထရောနှင့် triglyceride အဆင့်ကို လျှော့ချပေးသည့် gamma oryzanol ပါဝင်သောကြောင့် သွေးစီးဆင်းမှုကို အားကောင်းစေသည်။ နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနှင့် သတိမေ့ခြင်း ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးသည်။

(ဈ ) သံဓာတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါခံစားနေရသူများသည် သံဓာတ်နှင့် အခြားသတ္တုဓာတ်များ ပြန်လည်ရရှိရန် Riceberry ကို ပုံမှန်စားသုံးသင့်သည်။

အော်ဂဲနစ်ခရမ်းရောင်ဆန်တွင် အခြားနှင့်မတူသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်း ၈၁ မျိုးပါဝင်ပြီး ဆေးဘက်ဆိုင်ရာ သုတေသနနယ်ပယ် ကျယ်ပြန့်လာသည်နှင့်အမျှ ၎င်းတို့ကို ကုထုံးဆိုင်ရာ အခြေအနေတွင် အသုံးချနိုင်လာမည်ဟု သုံးသပ်ကြသည်။ အထက်ဖော်ပြပါ ခန္ဓာကိုယ်ကောင်းကျိုးပြုသော သက်စောင့်ဓာတ်များစွာ ပါဝင်သည့်အတွက် မိမိတို့၏ ကျန်းမာရေးအပေါ် မူတည်၍ ရွေးချယ်စားသုံးနိုင်ရန် သုံးသပ်တင်ပြခြင်း ဖြစ်ကြောင်း ဆွေးနွေးလိုက်ရပါသည်။ ။

ဒေါက်တာကျော်စိုးထွန်း(ဉပဒေဆေး)
ဆောင်းပါး

Telegram»…
https://t.me/positiveanglenews

PAN

SZ