(ပြည်တွင်း) ဇူလိုင် ၇
ရခိုင်ပြည်နယ် သံတွဲမြို့က သံတွဲ(မဇင်လေဆိပ်) အနီး လေဆိပ်အဆောက်အအုံနှင့် ၎င်းအနီးပတ်ဝန်းကျင်များမှ နေရာများအားလုံးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၅) ရက်၊ နံနက် (၆) နာရီ အချိန်တွင်အပြီးသတ် သိမ်းပိုက်ပြီး ငပလီ (မဇင်) လေဆိပ်အား ထိန်းချုပ်ထားနိုင်ပြီးဖြစ်သည်ဟု AA အကြမ်းဖက်သောင်းကျန်းသူများမှ ပြောဆိုထားသည်။

သံတွဲမြို့နယ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် တပ်မတော်တို့ကြားတိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့၊ ငပလီ ကမ်းခြေရှိရာ သံတွဲမြို့နှင့် နခခ(၂)၊ နခခ(၅) တည်ရှိရာ မောင်တောမြို့များ၌ တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့သည်။
သံတွဲလေဆိပ်ကို AA အကြမ်းဖက်သောင်းကျန်းသူများ သိမ်းဆည်းရမိခဲ့မှုနှင့်ပတ်သက်ပြီး “သူတောင်းစားသစ္စာဖောက်တွေ ထွက်ပြေးပြီး ရန်သူနဲ့ပူးပေါင်းသွားလို့ အချို့နေရာတွေ မကျသင့်ပဲကျခဲ့တာပါ။ ရန်သူ့ဘက်က ၎င်းတို့အပြင် ချင်း/စစ်ကိုင်း/မ ကွေး/ ဧရာဝတီ PDF တွေပါ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် ကြည်း ရေ လေ ပေါင်းစုံ အင်အားအမြောက်အများအသုံးပြုကာ ခံစစ်ကနေ ထိုးစစ်ပြောင်းနေရတာမို့ ရခိုင်တစ်ပြည်နယ်လုံးမှာ အပြင်းအထန်ဆုံးတိုက်ပွဲလို့ ပြောရပါလိမ့်မယ်” ဟု တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများ၏ပြောဆိုချက်များတွင် ပါရှိသည်။
“အခုသူတို့ဘက်ကနေပြီး လေဆိပ်ပိတ်တဲ့အဖွဲ့တွေ အကုန်ရှင်းလိုက်ပြီး လေဆိပ်ကိုသိမ်းတယ်ဆိုပြီး လေကြီးလေကျယ်ပြောနေတာလည်း အလကားပါတပ်ကအဖွဲ့တွေ ဆုတ်သွားလို့ ဘာမှမရှိတော့မှ အဲ့ဒီနေရာကို ဓာတ်ပုံဝင်ရိုက်နိုင်ခဲ့တာပါဘယ်သူမှမသေဘူးလားဒဏ်ရာမရဘူးလားမေးလာရင်စစ်ဖြစ်နေတာ ပန်းနဲ့ပေါက်နေတာမဟုတ်တဲ့အတွက်ရှိပါတယ်” တပ်မတော်နှင့်နီးစပ်သည့်အသိုင်းအဝိုင်းများ၏ တယ်လီဂရမ်သတင်းများတွင် ဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုများအပြီး ဖြစ်ပေါ်လာသည့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများမှာယနေ့အထိဖြစ်ပွားနေသော်လည်း ၂၀၂၅ ခုနှစ်တွင်ရွေးကောက်ပွဲပြုလုပ်ရန် နစကမှရည်မှန်းထားသည်။
သံတွဲ(မဇင်လေဆိပ်)ကို ထိမ်းချုပ်ထားသည့် AA အဖွဲ့များအား လေယာဥ်နှင့် ရေယာဥ်စစ်သင်္ဘောများမှ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေကြောင်း သိရသည်။
#PAN