သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် အကြမ်းဖက်သမားများအား ၁၀၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိ


(ပြည်တွင်း) ဇွန် ၁၀

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရ ယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံ့ဝန်ထမ်းများအပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများ ပြည်သူပိုင် အဆောက်အဦများ၊ လမ်း တံတားများအား မီးရှို့ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ငန်းများကို နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော NUG လက်အောက်ခံ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များသည် ဇွန်လ ၈ ရက်တွင် သန်လျင်တံတား အမှတ် (၃)ဖွင့်ပွဲ အခမ်းအနားကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ရန် စီစဉ်လျက်ရှိကြောင်း အကြမ်းဖက်မှုကို မလိုလားသည့်ပြည်သူများ၏ သတင်းပေးပို့ချက် အရ အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေး နေ့/ညမပြတ် ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက်၊ သင်္ဘောကျင်း ဝန်ထမ်းအိမ်ယာဝန်း အတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ရန်ကုန် UG အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သော စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင် (၁၈)နှစ်၊ မင်းသူ(၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း (၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင် ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်းကောင်း၊ ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့် လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊ မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁၀၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်းရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ Brigate Drone Force PDF အကြမ်းဖက်အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်း များအား သင်ကြားပေးခဲ့ကြောင်း၊ သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကြေပျက်စီးစေရန် ရည်ရွယ်၍ လုပ်ကြံ ပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖမ်းဆီးရန်ကျန်တရားခံ ဖြူနှင်းအေး(ခ)မီးအိမ်ရှင် မှ စိန်ကြီး(ခ)အောင်ထွေး အား ဆက်သွယ်၍ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့် စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင် တို့ ၃ ဦးမှ ပုဇွန်တောင် မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ) ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ) ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင် တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာအနီးတစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေ တို့အား ၅ ကြိမ် သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ထို့နောက် ၁၀၇ မမ ရှော့တိုက်ဒုံး ပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်း ဝယ်ရေး လုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့် အချိန်တွင် ပစ်ခတ် ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိ သော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်း နှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရသည်။

VK Link>>…
https://vk.com/wall-220066330_6661

Telegram>>…
https://t.me/positiveanglenews

PAN

#SZ