မန္တလေးမြို့တွင် ဆရာတော် သံဃာတော် ၁၀၂၇၂ ပါးအားပစ္စည်း ၄ ပါး လောင်းလှူပွဲပြုလုပ်ခဲ့

(ပြည်တွင်း) မေ ၂၃

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ၁၃၈၆ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ယနေ့တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလှူရှင်များကကြီးမှူး၍ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးအားပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲအခမ်းအနားကို နံနက် ၆ နာရီက မန္တလေးမြို့ ကျုံးအရှေ့ဘက် (အရှေ့ပြင်)၊ အနောက်ဘက်(အနောက်ပြင်)၊ တောင်ဘက်(တောင်ပြင်)နှင့် မြောက်ဘက်(မြောက်ပြင်)တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်း ကျင်းပသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ အလှူရှင်များကသာသနာတော်နှစ် ၂၅၆၇ နှစ်ပြည့်ပြီး ၂၅၆၈ နှစ်သို့ ကူးပြောင်းရောက်ရှိမှုအထိမ်းအမှတ်နှင့် နိုင်ငံသူ၊ နိုင်ငံသားများဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဆွမ်းလောင်းလှူပွဲအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ၊ ဓမ္မိကာရာမတိုက်၊ မိတ္ထီလာကျောင်းဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တသုဇနပီယ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီး/ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မန္တလေးမြို့လေးပြင်လေးရပ်ရှိ ပရိယတ္တိစာသင်တိုက်ကြီးများမှ ဆရာတော်ကြီးများအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသူများနှင့်ပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ မန္တလေးမြို့ လေးပြင်လေးရပ်တို့မှ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် ၁၀၂၇၂ ပါးတို့သည် ကျုံးလေးပြင်လေးရပ်ရှိ မင်္ဂလာမဏ္ဍပ်အသီးသီးတို့နှင့် ယာယီသီတင်းသုံးနေရာများတွင် သီတင်း သုံးတော်မူကြသည်။

ထို့နောက် မင်္ဂလာမဏ္ဍပ်အသီးသီး၌ နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဆရာတော်ကြီးများထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက ဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ကြီးများထံမှ အနုမောဒနာ ရေစက်ချတရားနာယူကြသည်။

ယင်းနောက် မန္တလေးမြို့ လေးပြင်လေးရပ်ရှိ ဆရာတော်၊ သံဃာတော် ၁၀၂၇၂ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လောင်းလှူပွဲကို တစ်ပြိုင်တည်းကျင်းပကြရာ သတ်မှတ်ထားသည့် ဥပါသကာအဖွဲ့များက အစီအစဉ်များအတိုင်း ဆရာတော်ကြီးများအား ပင့်ဆောင်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်ပြည်သူများက ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများကို တစ်ပြိုင်တည်း လောင်းလှူခဲ့ကြကြောင်း သိရသည်။

PAN