သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစေ့ထုတ်တောင်သူများအတွက် RS မျိုးစပါးများ ထောက်ပံ့


(ပြည်တွင်း)မေ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများအား တောင်သူနည်းပညာပေးဆွေးနွေးခြင်းနှင့် မျိုးစေ့ထုတ်တောင်သူများအတွက် RS မျိုးစပါးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနည်းပညာပြန့်ပွား‌ရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် RS မျိုးစပါးများ ထောက်ပံပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်က မျိုးစေ့ချကိရိယာ (Seeder) အခမဲ့ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းအကျိုး‌ကျေးဇူးများအား ရှင်းလင်းပြောကြားရာ တောင်သူတို့က သိလိုသည်များနှင့် လိုအပ်ချက်များကို မေးမြန်းဆွေးနွေးသည်။

ဆက်လက်၍ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲနိုင်က မိုးစပါးများအထွက်နှုန်းတိုးမြင့်ရေး ဆွေးနွေးအမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်းမိုးစပါး(RS-CS)မျိုးစေ့ထုတ်တောင်သူများ၏ စံပြစိုက်ကွက် ဧက(၅၀)အတွက် ပေါ်ဆန်းယဉ် RS မျိုးသန့် မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၅၀၊ တောင်သူ ၁၀၀ ဦးတို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ အခမဲ့ထောက်ပံ့သည့် မျိုးစေ့ချကိရိယာ (Seeder) ၁၀၀ တို့ကို ပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews/22623?single

PAN

SZ