မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ် ခုနစ် ခုကို ခွင့်ပြု


မေ ၇

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၅/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးကို မေလ ၆ ရက်မှာ နေပြည်တော်ရှိ ရုံးအမှတ်(၁၈) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲဝင် ဒုတိယဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကော်မရှင်အဖွဲဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါအစည်းအဝေးမှာ ဆောင်ရွက်လျက်ရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံဖြိုးမှုကဏ္ဍတို့မှ နိုင်ငံခြားနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ခုနစ်ခုကို ခွင့်ပြုပေးခဲ့ပါတယ်။

လုပ်ငန်းများရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈၁ သန်းနှင့် ငွေကျပ် ၂၈၂,၇ဝ၂ ဒသမ ၈၉၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁,၄၂၃ ဦးကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားလျက်ရှိသော နိုင်ငံ/ ဒေသပေါင်း ၅၃ ခုအနက် ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံ/ ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ တိုဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားလျက်ရှိတဲ့ ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍအတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၈ ဒသမ ၄၇ ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ၂၄ ဒသမ ၄၃ ရာခိုင်နှုန်းနှင့် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၁၄ ဒသမ ၄၇ ရာခိုင်နှုန်းနဲ့ ရင်းနှီးမြှုပ်နှံ ထားလျက် ရှိပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဟာ ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံသူများက တင်ပြလာတဲ့ ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကို လက်ရှိဆောင်ရွက်လျက်ရှိနေတဲ့ ရင်းနှီးမြှုပ်နှံ သူများအတွက် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဝန်ဆောင်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

Telegram»…
https://t.me/positiveanglenews/22355

PAN

SZ