ကင်ညာနိုင်ငံ၌ ရေကြီးမှုကြောင့် ပိတ်ခဲ့ရသည့်စာသင်ကျောင်းများ ဆက်လက်ပိတ်ထားရန် ကြေညာ


မေ ၁

ကင်ညာနိုင်ငံ၌ မတ်လလယ်မှစတင်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသဖြင့် စာသင်ကျောင်းများကို ပိတ်ထားခဲ့ရာ ဧပြီလ ၂၉ ရက်တွင် ကျောင်းများ ပြန်ဖွင့်ရန် ယခင်ကကြေညာခဲ့သော်လည်း ရေကြီးမှု အခြေအနေ မတည်ငြိမ်မှုများကြောင့် ကျောင်းများကို နောက်ထပ်တစ်ပတ်ကြာ ဆက်လက်ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ရေကြီးမှုကြောင့် စာသင်ကျောင်းတချို့မှာ ဆိုးရွားစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး စာသင်ကျောင်းပေါင်း ၁၀၀ ကျော် ရေနစ်မြှုပ်လျက်ရှိရာ အချို ကျောင်းများမှာ နံရံနှင့်ခေါင်မိုးများပါ ပြိုကျသည်အထိ အခြေအနေဆိုးရွားလျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် ဧပြီလ ၂၇ ရက်အထိ လူ ၉၃ ဦးသေဆုံးခဲ့ပြီး ဧပြီလ ၂၈ ရက်ညနေပိုင်းက ဂါရစ်ဆာခရိုင်တွင် လှေတစ်စင်းထပ်မံနစ်မြှုပ်ခဲ့ရာ လှေပေါ်တွင် လိုက်ပါလာသူ ၂၃ ဦးကို ကယ်တင်နိုင်ခဲ့ သော်လည်း လူတစ်ဒါဇင်ကျော် ပျောက်ဆုံးလျက်ရှိရာ သေဆုံးသူအရေအတွက် ထပ်မံတိုးမြင့်လာဖွယ် ရှိကြောင်း ကင်ညာကြက်ခြေနီတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

မိုးရွာသွန်းမှုကြောင့် နိုင်ရိုဘီမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီလ ၂၇ ရက်က ပိတ်ထားခဲ့ရပြီး လေယာဉ်ခရီးစဉ်များကိုလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း၊ နိုင်ငံအတွင်း သေဆုံးသူများအနက် နိုင်ရိုဘီမြို့မှ အများဆုံးဖြစ်ကာ နောက်ရက်များတွင်လည်း မိုးပိုလာနိုင်ကြောင်း မိုးလေဝသဌာနက သတိပေးချက်များ ထုတ်ပြန်ထားသည်။

နိုင်ငံတစ်ဝန်း ရေကြီးမှုများကြောင့် လူပေါင်းနှစ်သိန်းကျော် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပြီး အများစုမှာ စာသင်ကျောင်းများတွင် ခိုလှုံနေကြရာ ကျောင်းများပြန်လည်ဖွင့်လှစ်မည့်ရက်ကို သက်ဆိုင်ရာ အာဏာပိုင်များက မေလ ၆ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews/22200

PAN