တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့် တွေ့ဆုံဆွေးနွေး


(နိုင်ငံတကာ)ဧပြီ ၂၆

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်နှင့် ဧပြီ ၂၅ ရက်က ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာ၌ ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွား လိုကြောင်း၊ လူပုဂ္ဂိုလ်နှင့် စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း၊ တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့် ဒေသလုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှု အတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက် သွားလိုကြောင်း ပြောကြားခဲ့သည်ဟု Xinhua သတင်းအရ သိရပါသည်။

Telegram»…
https://t.me/positiveanglenews/22037?single

PAN