မိုးမောက်တိုက်ပွဲကြောင့် ဗန်းမော်တွင် စစ်ဘေးရှောင်တိုးလာ

(ပြည်တွင်း)ဧပြီ ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မိုးမောက်မြို့တွင် ဧပြီလ၂၀ ရက်နေ့ကစတင်ဖြစ်ပွားနေသည့် တပ်မတော်နှင့် အကြမ်းဖက်သောင်းကျန်းသူ KIA /PDF တို့ကြားက တိုက်ပွဲမှာ ဧပြီ ၂၂ နေ့ ညသန်းခေါင်ယံချိန်ထိ လက်နက်ကြီးများအပြန်အလှန်ပစ်ခတ်မှုများ ရှိ​နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများ၏ပြောဆိုချက်အရ သိရသည်။

ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်တွင် လက်နက်ကြီးသံများမကြားရတော့ဘဲ ငြိမ်သက်နေသော်လည်း အကြမ်းဖက်သောင်းကျန်းသူ KIA/ PDF တို့ အနေဖြင့် တပ်စခန်းကုန်းအား ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်နေသည့်နေရာသို့ ယနေ့ ၁၁ နာရီချိန်ခန့်တွင် ခမရ (၄၃၇) မှာ စစ်ကြောင်းတစ်ကြောင်း တက်သွားသည်ကို သိရှိရပြီး အကြမ်းဖက်သောင်းကျန်းသူ KIA /PDF တို့ကလည်း မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိလမ်းကြောင်းကို အပြည့်အ၀ထိန်းချုပ်ထားနိုင်ရန်အင်အားထပ်မံဖြည့်ရန်လုပ်ဆောင်နေကြောင်း ဒေသခံများမှပြောသည်။

မိုးမောက်မြို့တွင် တိုက်ပွဲများပြင်းထန်လာနိုင်သည့်အတွက် မိုးမောက်မြို့နေ ဒေသခံများသည် ဗန်းမော်မြို့သို့ ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်းသိရသည်။

မိုးမောက်မြို့ပေါ်မှ ဌာနဆိုင်ရာရုံးများလည်း ပိတ်ထားပြီး ဝန်ထမ်းများသည် ဧပြိလဆန်းကတည်းကပင်ဗန်းမော်မြို့သို့ တိမ်းရှောင်သွားခဲ့ကြပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။

မိုးမောက်မြို့မှ တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ဗန်းမော်မြို့မှ လူမှုရေးအဖွဲ့များက ယာယီစစ်ဘေးရှောင်စခန်းဖွင့်၍ လက်ခံထားပြီး စစ်ဘေးရှောင်များထပ်မံ ဝင်ရောက်လာနေဆဲဖြစ်ပြီး အရေအတွက်အတိအကျမသိရသေးကြောင်း လူမှုကူညီအဖွဲ့များထံက သိရှိရသည်။

#PAN