လာမည့်မိုးဦးကျတွင် တောင်ငူခရိုင်၌ အရိပ်ရပင် တစ်ထောင် စိုက်ပျိုးမည်ဟုဆို

(ပြည်တွင်း) ဧပြီ ၁၂


လာမည့် မိုးဦးကျကာလ၌ တောင်ငူခရိုင်တွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ အရိပ်ရသည့်သစ်ပင် အပင်ရေ(၁၀၀၀) ဝန်းကျင်ခန့်ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း Save the trees သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းထံမှ သိရသည်။

မိုးဦးကျကာလဖြစ်သည့် ဇွန်လမှစ၍ စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ ကျေးရွာများ၌ရှိသည့် မြေလွတ်မြေရိုင်းများ၊ ကျေးရွာ၊ ကျေးလက်လမ်းဘေးနေရာများ၌ သစ်ပင်စိုက်ပျိုးခြင်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“တောင်ငူခရိုင်မှာ သစ်ပင်စိုက်မှာပါ။ မိုးဦးကျ မိုးစရွာမယ့် ဇွန်လလောက်မှာ စစိုက်မှာပေါ့။ အဓိကကစိုက်မယ့် နေရာတွေကတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ကျေးရွာတွေမှာရှိတဲ့ မြေလွတ်မြေရိုင်းတွေ၊ ကျေးရွာ၊ ကျေးလက်လမ်းဘေးတွေမှာ သစ်ပင်စိုက်ပေးတာမျိုး အဓိကထား လုပ်ပေးဖို့ရှိတယ်။ ဒီနှစ်မှာတော့ ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် ပမာဏလောက် အပင်ရေ(၁၀၀၀) ဝန်းကျင်လောက်ပဲစိုက်မှာပါ”ဟု ၎င်းက ဆိုသည်။

ထိုသို့ သစ်ပင်စိုက်ရခြင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် သစ်တောများပျက်စီးလာခြင်းကို လူတိုင်း သတိထားမိပြီး သစ်ပင်များကို ချစ်တတ်လာစေရန်လည်း အဓိက ရည်ရွယ်ကြောင်း သိရသည်။

“အဓိကသစ်ပင်တွေ အများကြီးစိုက်လို့ အများကြီးစိမ်းလန်းသွားဖို့့ဆိုတဲ့ လုပ်ဆောင်မှုမျိုးထက် အများပြည်သူတွေ၊ ကလေးတွေအားလုံးရဲ့ အသိအမြင်တွေမှာ သစ်ပင်တွေကို ဝိုင်းဝန်းထိန်းသိမ်းရမယ်ဆိုတာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို စိုက်ပျိုးပြီးတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့၊ ရာသီဥတု ဖောက်ပြန်တာကိုကာကွယ်ဖို့့ ဒါကို မဖြစ်မနေလုပ်မယ်ဆိုတဲ့ အသိပညာပေးဖို့အတွက်လည်း ပါတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ စိုက်ပျိုးပေးတဲ့သစ်ပင်တွေရဲ့ အရိပ်အာဝါသနဲ့ နောင်တစ်ချိန်မှာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းသွားအောင်နဲ့ အေးချမ်းသွားအောင်အတွက်လည်း ရည်ရွယ်ပါတယ်”ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကိုဗစ်မတိုင်မီကာလကလည်း ၎င်းတို့အသင်းအနေဖြင့် အပင်ရေ (၂၀၀၀)မှ (၆၀၀၀) ဝန်းကျင်အထိ စိုက်ပျိုးခဲ့ကာ သစ်ပင်စိုက်ခြင်းကို ကိုဗစ်ကာလမှစ၍ ရပ်နားထားခဲ့ရာ ယခုနှစ်မှ ပြန်လည်စိုက်ပျိုးရန် စီစဉ်နေခြင်းဖြစ်ပြီး ရှင်သန်နေသည့်သစ်ပင်များကို ထိန်းသိမ်းကာကွယ်သည့် အနေဖြင့်လည်း အများပိုင်နေရာ၌ရှိသည့် သစ်ပင်များကို ထိန်းသိမ်းကာကွယ်မှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

“အရင်တုန်းကတော့ မစိုက်ဘူးဆိုရင်တောင် ၂၀၀၀ ကနေ ၆၀၀၀ ကြားစိုက်တယ်။ ကိုဗစ်ကာလမှာ စပြီးနားလိုက်ရတယ်။ ဒီနှစ်မှာ ပြန်စမှာဆိုတော့ အဲလောက်ကြီးတော့မစိုက်ဘူး၊ ရှင်သန်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်မယ့် ပမာဏလောက်ပဲစိုက်မယ်။ နောက်ပြီးတော့ ရှင်နေတဲ့ သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်တဲ့အနေနဲ့ အများပိုင်နေရာတွေမှာရှိတဲ့ သစ်ပင်တွေကို ထိန်းသိမ်းကာကွယ်တာတွေ၊ ခုတ်မယ်ဆိုရင်လည်း ကန့်ကွက်ဖို့ ဒါမျိုးတွေရှိတယ်။ သစ်ပင်တစ်ပင်ခုတ်လိုက်တာက အများကြီးမသိသာပေမဲ့ လူတွေအများကြီး ခုတ်လာရင်တော့ အရိပ်အာဝါကနည်းလာတယ်။

သစ်ရိပ်၊ ဝါးရိပ်ရှိတဲ့ အိမ်လေးက နည်းနည်းအေးချမ်းဦးမယ်။ သစ်ပင်တွေရှိနေရင် အတိုင်းအတာတစ်ခုအထိတော့ အပူချိန်လျော့သွားမှာပါ။ ဒါကြောင့် သစ်ပင်စိုက်ရုံနဲ့မပြီးဘဲ ရှိနေတဲ့သစ်ပင်ကိုလည်း မပျက်စီးအောင်၊ မခုတ်ရအောင် ထိန်းသိမ်းရမှာပါ”ဟုလည်း ၎င်းကဆိုသည်။

#PAN