အမေရိကန်နှင့် မဟာမိတ်များကြား ပူးတွဲလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်မှာ နေတိုးအဖွဲ ၏ အင်အားတိုးချဲ့ရန်ဖြစ်ဟု ရုရှားပြော


(နိုင်ငံတကာ)ဧပြီ ၁၁

အမေရိကန်နှင့် ဂျပန်၊ ဩစတြေးလျ၊ ဖိလစ်ပိုင်တိုကြား ပူးတွဲလုပ်ဆောင်မည့် စစ်ရေးလေ့ကျင့်မှု၏ ရည်ရွယ်ချက်သည် နေတိုးတပ်ဖွဲ့က ကမ္ဘာ့ဒေသတစ်ဝှမ်းသို့ အင်အားချဲ့ထွင်ရန် ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ဧပြီလ ၁၀ ရက်တွင် ပြောသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများကြား တောင်တရုတ်ပင်လယ်အတွင်း လုပ်ဆောင်မည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ရုရှား နိုင်ငံ က ပြောကြားနေသည့် ကိစ္စရပ်တစ်ခုဖြစ်သော နေတိုးတပ်ဖွဲ၏ တစ်ကမ္ဘာလုံးသို အင်အားချဲ့ထွင်နေခြင်း ဖြစ်ကြောင်း မာရီယာ ဇာခါရိုဗာက ပုံမှန်ပြုလုပ်မြဲဖြစ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများအနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း၌ ပထမဆုံးအကြိမ် အဖြစ် ရေတပ်စစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်မည်ဟု အဆိုပါနိုင်ငံများက ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း ရေပိုင်နက် အငြင်းပွားမှုများဖြင့် မြင့်တက်လာစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ တောင်တရုတ်ပင်လယ်အတွင်း လုပ်ဆောင် မည့် ပူးတွဲစစ်ရေး လေ့ကျင့်မှုအတွင်း ပါဝင်သည့် နိုင်ငံများအနေဖြင့် နိုင်ငံတကာဥပဒေကို ထိန်းသိမ်း၍ လွတ်လပ်စွာ ရေကြောင်း သွားလာမှုနှင့် အငြင်းပွားမှုများကို ဖြေရှင်းရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း လေးနိုင်ငံ ကာကွယ်ရေးဝန်ကြီးများက ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများတိုကြား ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုအပါအဝင် အခြားစစ်ရေးလေ့ကျင့်မှုများနှင့် ရေကြောင်း ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram Link>>…
https://t.me/positiveanglenews/21598

PAN