လိပ်သိုမြို့၌ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရ

(ပြည်တွင်း) မတ် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းနှင့်တွဲဖက်၍ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ တိရိစ္ဆာန်များအတွက် အစာစရိတ်သက်သာပြီး အရင်းအနှီး နည်းနည်း ဖြင့် အပိုဝင်ငွေများရရှိနိုင်သော တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဆိတ်မများသည် ၁၃ လမှ ၁၅ လအတွင်း အရွယ်ရောက်ကြပြီး ပထမဆုံးဆိတ်ကလေးများ မွေးမြူရာတွင် တစ်ကောင် (သို့မဟုတ်) အမြွာမွေးတတ်ကြပြီး သုံးကောင်မွေးမှုမှာ နည်းပါးကြောင်း ၊ ဆိတ်မများ သားမွေးပြီးနောက် တစ်ကြိမ်သားပေါက်ရန် သားခြားကာလမှာ ခုနှစ်လမှ ရှစ်လအထိ ကြာမြင့်တတ်ကြောင်း၊ ဆိတ်မွေးမြူရေးသည် အဓိကကျသော ကျွေးမွေးစရိတ်သက်သာကာ အစာဖိုးသီးသန့်မကုန်ကြောင်း၊ သဘာ၀အလျောက် လွှတ်ကျောင်းပုံစံဖြစ်သောကြောင့် မွေးမြူသူများအနေဖြင့် တွက်ခြေကိုက်ကြောင်း၊ ယခင်နှစ်များတွင် ဆိတ်များရောင်းဝယ်ရာ၌ ဈေးနည်းသော်လည်း ယခုနှစ်တွင် ဈေးကောင်းရရှိလာကြောင်း အမှတ်(၁) ရပ်ကွက်နေ တစ်နိုင်တစ်ပိုင် ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးထံမှ သိရသည်။

လိပ်သိုဒေသရှိ ကျေးလက်နေပြည်သူအများစုသည် ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကထား လုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများဖြစ်သည့် ကြက်၊ ဝက်၊ နွား၊ ဆိတ် မွေးမြူရေးလုပ်ငန်းများကိုလည်း တွဲဖက်လုပ်ကိုင်လျက်ရှိကာ လယ်ယာမြေများအတွက် လိုအပ်သော သဘာ၀မြေဩဇာများဖြစ်သည့် နွားချေး၊ ဆိတ်ချေး၊ ကြက်ချေး၊ ဝက်ချေးတို့ကို အသုံးပြုရန်အတွက်လည်း မွေးမြူခြင်းဖြစ်ကြောင်း၊ တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

#PAN