မတ် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဂုဏ်ကျက်သရေဆောင် ရွှေတိဂုံဘုရားကြီးအား လုံးတော်ပြည့် ရွှေသက်န်းကပ်လှုရန်စီစဉ်လျက်ရှိရာ ရွှေတိဂုံဘုရား၏ စိန်ဖူးတော်ရှိ စိန်နှင့် စိန်ဖူးတော် ပတ်လည် ဝန်းရံထားသော ကျောက်(၁၆)လုံးမှာ ပျောက်ဆုံးနေကြောင်း သိရှိရသည်။
ပျောက်ဆုံးရသည့် အကြောင်းအရင်းမှန်အား သေချာစွာ သိရှိနိုင်ရေးအတွက် နယ်မြေတာဝန်ရှိသူများနှင့် ရွှေတိဂုံဘုရား ဂေါပက အဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
ရွှေတိဂုံစေတီတော်အား စတုတ္ထအကြိမ်မြောက် လုံးတော်ပြည့် ရွှေသက်န်းကပ်လှုနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဘုရားအပေါ်ပစ္စယံအထိ ငြမ်းတပ်ဆင် ခြင်းအား ယခု မတ်လ ဒုတိယအပတ်အတွင်း ပြုလုပ်ခဲ့ကြောင်း၊ တတိယအကြိမ်မြောက် အဖြစ် ရွှေတိဂုံဘုရား၏ ရွှေသက်န်း ကပ်လှုမှုအား ၂၀၁၈ ခုနှစ် အတွင်း ဆောင်ရွက်ခဲ့သည်ဖြစ်ရာ (၆)နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် အတွက် စိန်ဖူးတော်ရှိ စိန်နှင့် ကျောက်များ တပ်ဆင်ထားမှု အခြေအနေများနှင့် ပတ်သတ်၍ စုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ်အတွက် လုံးတော်ပြည့် ရွှေသက်န်းကပ်လှူရန်အတွက် တင်ဒါအောင်မြင်သော စွယ်တော်ဦး ရွှေဆိုင်းနှင့် ရွှေမိုက်လုပ်ငန်းသည်(၂၆.၂.၂၀၂၄)ရက်နေ့တွင် စာချုပ်ချုပ်ဆိုထားခဲ့ပြီး ယမန်နေ့လည်ပိုင်း၌ ဘုရား၏ ငှက်မြတ်နားတော်နဲ့ စိန်ဖူးတော်ကို ရွှေသက်န်း ကပ်လှုမည်ဖြစ်သဖြင့် ခေတ္တဖြုတ်ယူထားခဲ့ကြောင်း၊ သက်ဆိုင်ရာ ရွှေတိဂုံ ဂေါပက အဖွဲ့ဝင်များကို ပြသသည့်အချိန် စိန်နဲ့ ကျောက်အချို့ မတွေ့ရတော့ကြောင်း တာဝန်ရှိသူများကို အကြောင်းပြန်ကြားခဲ့ကြောင်း သိရှိရသည်။
စေတီတော်၏ စိန်ဖူးတော်အား စေတီဝန်ထမ်း ဦးဝင်းနိုင် မှ တက်ရောက်ဖြုတ်ယူကာ စိန်ဖူးယူ၍ လွယ်အိတ်အတွင်းသို့ ထည့်သွင်းပြီး ငှက်မြတ်နားတော် အား စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်း (၁၂)ဦးတို့နှင့် စုပေါင်း၍ လက်ဆင့်ကမ်း ပို့ဆောင်ခဲ့ပြီး စေတီတော်အောက်ရင်ပြင်သို့ ရောက်ရှိသည့်အခါ ဦးဝင်းနိုင် မှ စိန်ဖူး တော်အား စေတီဂေါပက ဦးသိဏ်းမောင် ထံသို့ အပ်နှံစဉ် ဂေါပကအဖွဲ့မှ ကြည့်ရှု့စစ်ဆေးခဲ့ရာ စိန်ဖူးတော်၏ အထွဋ်တွင် တပ်ဆင်ကပ်လှူပူဇော်ထားသည့် “စိန်” မပါရှိကြောင်းသိရှိရခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ စိန်ဖူးတော်အား တက်ရောက်ဖြုတ်ယူသည့် ဦးဝင်းနိုင် နှင့် စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်း ဦးဇော်မျိုးဦး ပါ (၁၂)ဦးတို့အား တာချီလိတ်မြို့မ ရဲစခန်းသို့ ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com
TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1
Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL
Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i
Telegram – https://t.me/positiveanglenews
Like, Share, Follow, Subscribe, Join