မန်စီးတီးဂိုးသမား အီဒါဆင် တစ်လ၀န်းကျင်အနားယူရဖွယ်ရှိ

မတ် ၁၃

ပေါင်ဒဏ်ရာကြောင့် တစ်လ၀န်းကျင်အနားယူရဖို့ ရှိတဲ့ မန်စီးတီးဂိုးသမား အီဒါဆင် က ပရီးမီးယားလိဂ်ဖလားအတွက် အရေးပါတဲ့ အာဆင်နယ်နဲ့ ပွဲကို လွဲချော်မယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့က လီဗာပူး နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဘရာဇီးဂိုးသမား အီဒါဆင် က ပင်နယ်တီပေးခဲ့ရတဲ့ အမှားကျူးလွန်ရင်း သူ့ကိုယ်သူ ထိခိုက်စေခဲ့တာဖြစ်ပါတယ်။

အီဒါဆင် က မက်အယ်လစ္စတာ က ဂိုးအဖြစ် ပြောင်းလဲခဲ့တဲ့ ပင်နယ်တီအတွက် ကွင်းထဲမှာ ဆက်နေခဲ့ပေမယ့်လည်း မကြာခင်မှာ အရန်ဂိုးသမား စတီဖန်အော်တေဂါ နဲ့ အစားထိုးခံခဲ့ရပါတယ်။

အာဆင်နယ် က ဂိုးကွာခြားချက်အသာနဲ့ လီဗာပူးကို ဦးဆောင်နေပြီး မန်စီးတီး က သူတို့နောက်မှာ တစ်မှတ်ပဲ လျော့ပြီး တတိယနေရာမှာရှိနေတာပါ။ အာဆင်နယ် က မန်စီးတီးရဲ့ အီတီဟတ်ကွင်းကို မတ်လ ၃၁ ရက်မှာ သွားကစားရမှာဖြစ်ပါတယ်။

အသက်(၃၀)အရွယ်ဂိုးသမားအီဒါဆင်ဟာ ဒဏ်ရာကြောင့် အင်္ဂလန်၊ စပိန်တို့နဲ့ကစားမယ့် ခြေစမ်းပွဲအတွက် ဘရာဇီးလက်ရွေးစင်အသင်းကနေ နုတ်ထွက်ရဖွယ်ရှိပါတယ်။