ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား တံတားအမှတ် (၇၃၈) မိုင်ခွဲခံရ


မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရန်ကုန်- မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်ဆည်-မင်းစုဘူတာအကြား၊ မိုင် ၃၅၃/၂၄ နှင့် ၃၅၄/၁ ကြား တံတားအမှတ် ၇၃၈ ၏ အစုန်/အဆန် ပေ ၂၀ သံဘောင်တံတားနှင့် ကွန်ကရစ်တံတားများ ပေါ်တွင် မိုင်းပေါက်ကွဲမှု ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးချက်အရ တံတား အရှေ့ဘက်ခြမ်းသံလမ်းများ (၂) ပေခန့်စီ ပြတ်ထွက်နေပြီး မကွဲသေး သော လက်ကျန် မိုင်း(၁)လုံး အားတွေ့ရှိခဲ့သဖြင့် မင်းစု-ကျောက်ဆည် အစုန်/အဆန်လမ်းပိုင်းများအား နံနက်၈ နာရီ ၅၀ မိနစ်အချိန်တွင် ခေတ္တပိတ်ခဲ့ရကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မပေါက်ကွဲသေးသည့်မိုင်းအား သက်မဲ့ပြုလုပ် ရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ပြီး၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း ရထားလမ်းပိုင်းအား အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပျက်စီးသွားသော ရထားလမ်းပိုင်းအား ချက်ချင်းပြုပြင်မွမ်းမံဆောင်ရွက်နိုင်ခဲ့သဖြင့် ကျောက်ဆည်-မင်းစု အဆန်လမ်းပိုင်းကို နေ့လည် ၁ နာရီ ၆ မိနစ်နှင့် အစုန်လမ်းပိုင်းအား နေ့လည် ၃ နာရီ ၂၀ မိနစ် အချိန်တို့တွင် အသီးသီးပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူစီးရထားများကြန့်ကြာမှုမရှိသော်လည်း ကုန်ရထားများကြန့်ကြာမှုဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပြီး၊ ၇၅ ပေါင်သံလမ်း၊ ကွန်ကရစ် ဇလီဖားတုံးနှင့် သစ်သား ဇလီဖားတုံးများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၄၉) ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ ကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေးရထားဖြင့် ခရီးသွားလာမှမပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့ကို ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ်ကျူးလွန်နေကြသောကြောင့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာဆန့်ကျင်ကန့်ကွက် ရှုတ်ချလျက်ရှိကြောင်း သိရသည်။

PAN မှ နေ့စဥ် ထွက်လွှင့်ပေးလျှက်ရှိသည့် ပလက်ဖောင်းများ –
Website – www.positiveanglenews.com

TikTok – https://www.tiktok.com/@pan.news?_t=8kKrxM5cZWc&_r=1

Facebook – https://www.facebook.com/pan.info.2022?mibextid=ZbWKwL

Youtube – https://youtube.com/@positiveanglenews?si=bHqwf-3OXi8uZr3i

Telegram – https://t.me/positiveanglenews

Like, Share, Follow, Subscribe, Join

PAN