ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ရှုံးနိမ့်သွားတဲ့ စီရော်နယ်လ်ဒိုရဲ့ အယ်လ်နာဆာ

မတ် ၅

အာရှချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွင် စီရော်နယ်လ်ဒို၏ အယ်လ်နာဆာအသင်းမှာ ယူအေအီးကလပ် အယ်လ်အိန်းအသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အာရှချန်ပီယံလိဂ် စည်းမျဉ်းအရ အာရှပြင်ပ ကစားသမား ငါးဉီးသာ ထည့်သွင်းကစားခွင့် ပြုထားပြီး စီရော်နယ်လ်ဒို၊ မာနေ၊ အော့စ်ပင်နာ၊ အော်တာဗီယိုနှင့် လာပေါ့တ်တို့ ပွဲထွက်ကစားသွားခဲ့ပါတယ်။

ရော်နယ်ဒိုက ဒီမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ်ပွဲမှာ ပွဲပယ်ခံရတာကြောင့် အနားရထားပြီး အခု အယ်လ်အိန်းကို အင်ပြည့်အားပြည့် ရင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။

ဒါပေမယ့် ပထမပိုင်းကတည်းက ပေးထားရတဲ့ သွင်းဂိုးကို သူလည်း ဘယ်လိုမှ မချေပပေးနိုင်ခဲ့ဘဲ အယ်လ်နာဆာကလည်း တစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားရမှာကြောင့် မျှော်လင့်ချက်ရှိပေမယ့် လာပေါ့တ် ပွဲပြီးခါနီးမှာ အထုတ်ခံရတာကတော့ နစ်နာခဲ့ပါတယ်။

အယ်လ်အိန်းအသင်းကို အာဂျင်တီးနားနာမည်ကျော်တိုက်စစ်မှူးဟောင်း ခရက်စပို ကိုင်တွယ်နေခြင်းဖြစ်ပါတယ်။