ညောင်တုန်းမြို့၊ မဟာဝိသုတာရာမတိုက်သစ်(ပါဠိတက္ကသိုလ်) နှစ်(၁၀၀)ပြည့် ရာပြည့်အထိမ်းအမှတ် ပူဇော်ပွဲနှင့် မော်ကွန်း ကျောက်စာတိုင် ဖွင့်ပွဲစည်ကားစွာ ကျင်းပ

ညောင်တုန်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့၊အမှတ်(၇)ရပ်ကွက်ရှိမဟာဝိသုတာရာမ(ပါဠိတက္ကသိုလ်)၊နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲနှင့်ရာပြည့်အထိမ်းအမှတ်ပူဇော်ပွဲကိုမတ်လ(၄)ရက်နေ့ နံနက်ပိုင်းကအဆိုပါကျောင်းတိုက်တွင် ကျင်းပ ပြုလုပ်ရာ တိုက်သစ်ဝံ့သ နွယ်ဖွား ဆရာတော်ကြီးများ၊သံဃာတော်များ ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့၊လူမှုရေးရာ ဝန်ကြီး ဦးခင်မောင်ကြည်နှင့်တာဝန်ရှိသူများ၊မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊ညောင်တုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူများ၊အလှူရှင်များ၊တပည့်ဒါကာ/ဒါကာမများက တက်ရောက်ပူဇော်ကန်တော့သည်၊၊

ရှေးဦးစွာ ဆရာတော် ဘဒ္ဒန္တဥတ္တမာဘိဝံသက ကာလာရောစနဂါထာ‌ တော်ကိုဖတ်ကြား၍ မဟာဝိသုတာရာမတိုက်သစ်ကျောင်း တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ၊ ပန်းတစ်ပွင့်တောင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာသာရ၊ မကုဋရာမဆရာတော်(မုံရွာ) ဘဒ္ဒန္တမကုဋရာမနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး တိုက်သစ်ကျောင်း တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်တို့က ရာပြည့်မော်ကွန်းကျောက်စာတိုက်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်၍ အမွှေးနံ့သာများပက်ဖျန်းခဲ့သည်။

ထို့နောက် မဟာဝိသုတာရာမတိုက်သစ်ကျောင်း တိုက်အုပ်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဣန္ဒာစရိယာဘိဝံသ ထံမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင် ဒါယကာ/ဒါယိကာမများ၊ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များမှ ပရိတ်တရားတော်များချီးမြှင့်ခဲ့သည်။

ဆက်လက်၍ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ၊ အလှူရှင် ဒါယကာ/ဒါယိကာမများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုအစုစုတို့အားဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော် ဘဒ္ဒန္တဥတ္တမာဘိဝံသမှ ပထမတိုက်တည်ထောင်တော်မူသော ကျေးဇူးရှင် ဆရာတော်ဘုရားကြီး၏ ထေရုပတ္တိကထာ အကျဉ်းချုပ်ကိုလည်းကောင်း၊ တေးသံရှင် ထက်ကိုမှ ရာပြည့်ဖော်ညွှန်း ရှစ်ဆယ်‌ပေါ်တေး ထပ်နှင့် ရတုပိုဒ်စုံကိုလည်းကောင်း ရွတ်ဖတ်ပူဇော်၍ မော်ကျွန်းတိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသမှ အနုမောဒနာ တရားချီးမြှင့်၍ ရေစက်သွန်းချအမျှအတမ်းပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆု‌တောင်း၍ အခမ်းအနားအား အောင်မြင် စွာရုပ်သိမ်းခဲ့‌ကြောင်းသိရသည်၊၊

ထွန်းကျော်(ညောင်တုန်း)