ဝန်ထမ်း ၃၀ကျော်နဲ့ တစ်ရက် ပိသာ ၅၀၀ ထုတ်လုပ်နေတဲ့ မြင်းနက်ပုံးရည်ကြီး

မြန်မာ့ရိုးရာအစားအစာ တစ်ခုဖြစ်သည့် ပုံးရည်ကြီးကို အညာဒေသဖြစ်သည့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် အဓိကထုတ်လုပ်လျက်ရှိသည်။ အထက်အညာဒေသ၏ အဓိကအမှတ်အသား အိမ်ပြန်လက်ဆောင်ဆိုလျှင်လည်း မှားမည်မထင်ပေ။ ညောင်ဦးမြို့နယ်အတွင်း၌ပဲပိစပ်ကို အခြေခံ၍ စားသောက်ကုန်ပုံးရည်ကြီးကို ထုတ်လုပ်ပြီး ဒေသစီးပွားရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး အထောက်အကူပြု ဆောင်ရွက်လျက်ရှိသည်။

ပုံးရည်ကြီးသည် ပရိုတင်းဓာတ်၊ ဗီတာမင်ဓာတ်၊ သံဓာတ်၊ လက်စီတင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်သည့်အတွက် ကျန်းမာရေးကိုလည်း အထောက်အကူပြုသည့် အစားအစာပင်ဖြစ်သည်။

ညောင်ဦးမြို့နယ်တွင် ပုံးရည်ကြီးလုပ်ကိုင်သူ များစွာရှိရာ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ဆည်ရွာကျေးရွာမှ ဦးမျိုးဇော်နိုင်၏ မြင်းနက်အမှတ် တံဆိပ်ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပုံးရည်ကြီး လုပ်ငန်းကို ၂၀၁၃ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မြင်းနက်အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ခဲ့သည်။

စတင်ထုတ်လုပ်စဉ်က ရှေးရိုးနည်းအတိုင်း ဒယ်အိုး၊ ဒန်အိုး၊ ဖျဉ်းအိုးများဖြင့် ထင်းအသုံးပြု ကျိုချက်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ပေါင်းအိုး (ဘွိုင်လာ)များဖြင့် ခေတ်မီစက်ကိရိယာများ အသုံးပြုထုတ်လုပ်လာနိုင်သဖြင့် ထင်းအသုံးပြုမှု လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း လာနိုင်ခြင်း၊ အချိန်ကုန်၊ လူကုန်သက်သာလာခြင်း စသည့်အကျိုးကျေးဇူးများ ခံစားရကြောင်း မြင်းနက်ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်းမှ ဦးမျိုးဇော်နိုင်က ရှင်းပြသည်။

ပုံးရည်ကြီးကို ပဲအမျိုးမျိုးမှ ထုတ်လုပ်နိုင်သော်လည်း ပဲပိစပ်ကိုသာ အဓိကကုန်ကြမ်းအဖြစ် အသုံးပြုကြသည်။ ပဲပိစပ်ကို ပဲခူးတိုင်းဒေသကြီး သာဝတ္ထိမြို့၊ ရေတာရှည်မြို့နယ်တို့မှ ပဲပေါ်ချိန် မတ်လတွင် ကြိုတင်ဝယ်ယူသိုလှောင်ရကြောင်းသိရသည်။

ပုံးရည်ကြီးချက်လုပ်ရာတွင် ပထမဦးစွာ ပဲပိစပ်ကို ရေဖြင့်သေချာစွာ စင်ကြယ်အောင် အထပ်ထပ်ဆေးကြောရသည်။ ထို့နောက် ပဲကိုရေနှင့်ပြုတ်ရသည်။ ယခင်က ဖျဉ်းအိုး၊ ဒန်အိုး၊ ဒယ်အိုးကြီးများဖြင့် ပြုတ်သော်လည်း စီးပွားဖြစ် လုပ်ကိုင်သူများအနေဖြင့် ပေါင်းအိုး(ဘွိုင်လာ)ဖြင့် ပြုတ်ပါက နှစ်နာရီခွဲခန့်သာ ကြာမြင့်သည်။ ပဲပြုတ်ပြီးပါက ပဲပြုတ်ရည်ကိုခွဲထုတ်ပြီး ပဲပြုတ်ရည်ကိုသိုလှောင်ထားရှိရသည်။ ပဲပြုတ်ရည်မှာ မိမိလိုချင် သည့်အရသာ (အချဉ်၊ အစိမ့်)ပေါ် မူတည်၍ ရက်အလိုက်ထားရှိပြီး ကျိုချက်ရကြောင်း သိရသည်။ ပေါင်းအိုးအသုံးပြုကျိုချက်ပါက တစ်နာရီခန့်အပူပေးပြီး ပုံးရည်ကြီးချက်အိုးထဲတွင် လေးနာရီခန့် ဖြည်းဖြည်းချင်း အပူပေးချက်လုပ်ရသဖြင့် အပူပေးခြင်း၊ ချက်လုပ်ခြင်းအတွက် နှစ်နာရီခန့် အချိန်ကြာမြင့်သည်။ ဖျဉ်းအိုး၊ ဒယ်အိုး၊ ဒန်အိုးဖြင့် ချက်လုပ်ပါက ခြောက်နာရီခန့်ကြာမြင့်ကြောင်း သိရသည်။

ရရှိလာသည့် ပုံးရည်ကြီးများကို အမှောင်ခန်းထဲတွင် တစ်ရက်အအေးခံ၍ သတ်မှတ်အလေးချိန် ချိန်တွယ်ပြီး အိတ်ထဲထည့်ရသည်။ ထို့နောက် လေထုတ်စက်ဖြင့် လေထုတ်ပြီးချုပ်ရသည်။ ဆက်လက်၍ တံဆိပ်ပါအိတ်များဖြင့် ထပ်မံချုပ်လုပ် ပြီးနောက် ငါးထုပ်ပါအိတ်များ၊ ဆယ်ထုပ်ပါအိတ် များ၊ ဘူးများ စသည်ဖြင့် ဈေးကွက်တင်ပို့ရန် ပါကင်ထုပ်ရသည်။ ပါကင်များထုပ်ပြီးပါက ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီဖြစ်သည်။ မြင်းနက်ပုံးရည်ကြီးကို ပုဂံ-ညောင်ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ မြဝတီ၊ ကျိုင်းတုံ စသည့်ဒေသအသီးသီးသို့ တင်ပို့ရောင်းချလျက်ရှိသည်။

မြင်းနက်ပုံးရည်ကြီး စားသောက်ကုန်လုပ်ငန်းအနေဖြင့် ပေါင်းအိုး(ဘွိုင်လာ) စနစ်ဖြင့် ခေတ်မီ စက်ကိရိယာများ အသုံးပြုထုတ်လုပ်သဖြင့် တစ်ရက်လျှင် ပုံးရည်ကြီး ပိဿာချိန် ၅၀၀ ထုတ်လုပ်နိုင်သော်လည်း ဈေးကွက်ပေါ်မူတည်၍ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

မြင်းနက်ပုံးရည်ကြီး လုပ်ငန်းအနေဖြင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး အထောက်အကူပြုလျက်ရှိရာ လက်ရှိတွင် အမျိုးသမီးဝန်ထမ်း ၂၈ ဦး၊ အမျိုးသားဝန်ထမ်း ငါးဦးဖြင့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း၊ ဝန်ထမ်းများကိုလည်း ရက်မှန်ကြေးပေးခြင်း၊ တစ်နှစ်တစ်ခါ လစာတိုးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

FDA အသိအမှတ်ပြုလက်မှတ်ရရှိပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားရှိသဖြင့် နိုင်ငံတော်က MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေကျပ်သိန်း ၅၀၀ ကို ၂၀၂၃ ခုနှစ်တွင် ရရှိခဲ့ကြောင်း သိရသည်။

ပဲပိစပ်ကို အခြေခံ၍ စားသောက်ကုန်များကို ခေတ်နှင့်အညီ တိုးတက်သောအမြင်ဖြင့် ထုတ်လုပ် လာနိုင်ခြင်းသည် ဈေးကွက်လိုအပ်ချက်ကို အချိန်မီဖြည့်တင်းပေးနိုင်ခြင်း၊ ဒေသတွင်းစီးပွားရေး၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အပံ့ကောင်းဖြစ်သကဲ့သို့ MSME လုပ်ငန်းကဏ္ဍတွင် တွေ့ကြုံရသည့် အခက်အခဲများ လျော့ကျရေး၊ နည်းပညာများရရှိရေး၊ ရင်းနှီးမြှုပ်နှံမှုများရရှိရေးတို့ကို ဆောင်ရွက်နိုင်ပါက အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

#PAN