မတ် ၃

ဖွဲနုဆီနှင့်စားသုံးဆီထုတ်လုပ်ရေး စက်ရုံ (နေပြည်တော်) အပြင် နိုင်ငံအတွင်းတန် ၂၀၀ ဖွဲနု ဆီကြမ်းစက်ရုံစုစုပေါင်း ၁၁ ရုံနှင့် တန် ၅၀ ဖွဲနုဆီချောစက်ရုံ ၅ ရုံ တည်ဆောက်မည်ဖြစ်ပြီး တန် ၂၀၀ စက်ရုံမှ တစ်နှစ်လျှင်ဆီကြမ်းတန်ချိန် ၁၁၈၈၀၀ တန်နှင့် တန် ၅၀ စက်ရုံမှ ဆီကြမ်းတန်ချိန် ၇၅၀၀၀ တန်၊ တစ်နှစ်လျှင် ဆီချောတန်ချိန် ၄၈၈၀၀ တန် ထွက်ရှိနိုင်ရန် ခန့်မှန်း ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
စပါးကို ဆန်အဖြစ် ကြိတ်ခွဲခြင်းမှ ထွက်ရှိလာသည့်ဖွဲနုကို ယခင်က တိရစ္ဆာန်အစာအဖြစ် အသုံးပြုကြသော်လည်း ယခုအခါ Solvent Extraction and Physical Refining နည်းပညာနှင့် ပေါင်းစပ်ကာ စားသုံးနိုင်သည့်ဖွဲနုဆီအဖြစ် ထုတ်လုပ်အသုံးပြုနေကြပြီဖြစ်သည်။
ဖွဲနုဆိုရာတွင် စက်ကြိတ်အဆင့်အတန်းနှင့် ဆန်သားအရည်အသွေးပေါ်မူတည်၍ ဆန်ဖြူဖွဲနု၊ အထူးဖွဲနုနှင့် ပေါင်းဆန်(ပြုတ်)ဖွဲနုဟူ၍ ဖွဲနုအမျိုးအစားများရှိရာ ဆီပါဝင်မှုရာခိုင်နှုန်း ၁၅ မှ ၁၈ ရှိသည့် ဆန်ဖြူနှင့်ပေါင်းဆန်ဖွဲနုမှသာ ဆီထုတ်ယူနိုင်ကြောင်းသိရှိရသည်။
တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်စသည့်နိုင်ငံများတွင် ဖွဲနုဆီသည် အသုံးပြုမှုများသည့် စားသုံးဆီတစ်မျိုးဖြစ်သည်။
အငွေ့ပြန်ဖွဲနုဆီကို စနစ်တကျသန့်စင်ပါကတန်ဖိုးမြှင့်စားသုံးဆီကိုရရှိဖွဲနုတွင် ပါဝင်သောဆီပမာဏသည် ၂၅ ရာခိုင်နှုန်းအောက်သာဖြစ်သောကြောင့် ဓာတုဗေဒ နည်းအားဖြင့်သာ ဆီထုတ်ယူနိုင်သည်။
ဖွဲနုကိုဓာတုဖျော်ရည် (Organic Solvent) တစ်မျိုးမျိုးတွင် စိမ်သောအခါ ဆီများသည် အဆိုပါ ဓာတုဖျော်ရည်အတွင်း ပျော်ဝင်သွားသည်။
ထိုပျော်ရည်အရောကို အပူပေးခြင်းဖြင့် ဓာတုဖျော်ရည်ကို အငွေ့ပြန်စေကာ ဖွဲနုဆီကြမ်းကို ရရှိသည်။ အဆိုပါ ဖွဲနုဆီကြမ်း (Crude Oil) ကို ဆီချောသန့်စင်စက်ရုံ (Physical Refinery) တွင် စနစ်တကျသန့်စင်ပါက တန်ဖိုးမြှင့်စားသုံးဆီ (Edible Oil) ကိုရရှိမည်ဖြစ်သည်။
ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဖြစ်သော r-oryzanol နှင့် tocotrienol တို့ များစွာပါဝင် နေသောကြောင့် ဆီ၏သက်တမ်းကို ကြာရှည်စေသည့်အပြင် စားသုံးသူတွင်လည်း အရွယ်မတိုင်မီ အိုမင်းခြင်းကို တားဆီးပေးခြင်း၊ ကင်ဆာဆဲလ်များကို ခုခံကာကွယ်နိုင်ခြင်း စသည့်ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေသည်။
#PAN