တစ်ရက်လျှင် ရေထွက်ကုန်တန်ချိန် လေးသိန်းကျော် ရွှေပိတောက်ငါးဈေးကို ဝင်ရောက်နေ

မတ် ၃

အလုပ်သမားနှစ်ထောင်ကျော် အလုပ်အကိုင်နေသည့် ရန်ကုန်မြို့ လှိုင်မြို့နယ် ရွှေပိတောက်ငါးဈေးမှ ရေချို/ရေငန်ရေထွက်ပစ္စည်း တစ်ရက်လျှင် ကုန်တန်ချိန် လေးသိန်းကျော် ဝင်ရောက်ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

ရန်ကုန်၊ ဧရာဝတီနှင့်ပဲခူးတိုင်းဒေသကြီးတို့မှ ရေချိုငါး/ပုစွန်များ ဝင်ရောက်သည့် နည်းတူ ပင်လယ်ပြင်မှ ရေငန်ထွက်ကုန် များလည်း ဝင်ရောက်လျက်ရှိရာ ဇန်နဝါရီမှ ဧပြီလအထိ မွေးမြူရေးကန်အများစု ကန်ဖော်ချိန်ဖြစ်၍ ရွှေပိတောက်ငါးဈေးသို့ ရေချိုထွက်ကုန် အများဆုံးဝင်ရောက်သောကာလ ဖြစ်ရာ စားသုံးသူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ရေထွက်ပစ္စည်းများ တင်ပို့ရောင်းချနေကြောင်း သိရသည်။

ရေချိုထွက်ကုန်များဖြစ်သော ငါးမြစ်ချင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးကြင်း၊ ငါးမုတ်၊ ငါးကျည်း၊ ငါးမွေထိုး၊ ငါးပြေမ၊ ငါးခူ၊ ငါးပနော် အပါအဝင် မွေးမြူရေးနှင့် သဘာဝရေထွက်ကုန် အမျိုးအစား ၃၀ ကျော်နှင့် ရေငန် ထွက်ကုန်ဖြစ်သော ရွှေငါး၊ ငါးကျီးကန်း၊ မျက်ကျယ်၊ ပြည်ကြီးငါး၊ ကင်းမွန်၊ ပုစွန်အပါအဝင် ရေငန်အမျိုး အစား ၁၀၀ ခန့် ဝင်ရောက်လျက်ရှိရာ အချို့ရေချို/ရေငန်ထွက်ကုန်များအား စက်ရုံများနှင့် အအေးခန်းများသို့လည်း တိုက်ရိုက်တင်ပို့လျက်ရှိကြောင်း သရသည်။

ရွှေပိတောက်ငါးဈေးအတွင်းဒိုင်များက လုပ်သားတစ်ဦးလျှင် ရေထွက်ကုန်တစ်ပိဿာလျှင် ငွေကျပ် ၂၀ ဖြင့် ကုန်ချိန် ၁၀၀၀ မှ ၅၀၀၀ ကျော်အထိ လုပ်အားခပေးထားပြီး ရေထွက်ကုန်ဝင်ရောက်၊ ဖြန့်ချိမှုပေါ်မူတည်ကာ ဝင်ငွေကျပ် ၁၀၀၀၀ ကျော်မှ ၂၀၀၀၀ ကျော်အထိရရှိပြီး အခြေခံလစာအနေဖြင့် ငွေကျပ် ၃၀၀၀၀၀ နှင့်အထက် ဖော်ဆောင်ပေးထားသည်။

ဈေးရုံအတွင်း ငါးခြစ်လုပ်ငန်း၊ ငါးသယ်၊ ငါးပို့၊ ရေခဲပို့နှင့် အထွေထွေအလုပ်သမား ၂၀၀၀ ခန့် နေ့စဉ် အလုပ်လုပ်ကိုင်လျက်ရှိရာ နေ့စဉ်လက်ကား ရောင်းဝယ်သူ နှစ်သိန်းခွဲခန့်၊ နယ်မှဝင်ရောက်သော ယာဉ် ၉၀ ခန့်နှင့်နယ်များသို့ ရေထွက်ကုန်ပို့ဆောင်သော ယာဉ် ၆၀ ခန့်တို့ဖြင့် စည်ကားလျက်ရှိသည်။

ရွှေပိတောက်ငါးဈေးတွင် ဈေးရုံ ရှစ်ရုံ၊ ဆိုင်ခန်း ပေါင်း ၄၄၄ ခန်း၊ ပျံကျဆိုင်ခန်း‌ ၁၈၀ ကျော်ရှိပြီး ဈေးရုံ ရှစ်ရုံတွင် ဂါလန် ၁၀၀၀ ဆံ့ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးပြီး ငါးဒိုင်များသန့်ရှင်းရေးအတွက် နေ့စဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#PAN