ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင်ရေယာဉ် တစ်စီး မီးလောင်မှုဖြစ်ပွား


မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်နေကြောင်း သတင်းအရ ယနေ့နံနက် ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်မြစ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခြင်း၊ မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှာ MV သင်္ဂဇာ ရေယာဉ်ပေါ်သို့ ဣန္ဒာ-၆ ရေယာဉ်မှ ဆီဂါလံ ၂၅၀၀ ပေးပို့နေစဉ် ဣန္ဒာ-၆ ရေယာဉ်ပေါ်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်း ရေကြောင်းမှ နတ်သား-၂ မီးသတ်သင်္ဘော ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ပေါက်ကွဲမှုကြောင့် MV သင်္ဂဇာရေယာဉ်ပေါ်မှ သင်္ဘောလုပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်းနှင့် မီးလောင်မှုကြောင့် ဣန္ဒာ-၆ ရေယာဉ်၏ ပျက်စီးဆုံးရှုံးမှု တန်ဖိုးငွေကျပ်သိန်း ၈၀ နှင့် ဒီဇယ်ဆီ ၈၀၀ ဂါလံ ခန့် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။