လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူးကစားသမားများ ဒဏ်ရာပြဿနာ ရင်ဆိုင်နေရ

ဖေဖော်ဝါရီ ၂၀

လိဂ်ဖလားဗိုလ်လုပွဲမတိုင်ခင် လီဗာပူး ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ပြီခဲ့သည့် သီတင်းအပတ်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် (၂၅) အဖြစ် ဘရန့်ဖို့ဒ်အသင်းနှင့် လီဗာပူးအသင်းတို့ကစားသည့်ပွဲစဉ်တွင် လီဗာပူး အသင်းက ဂိုးပြတ်အနိုင်ရရှိသော်လည်း အဓိကကစား သမားနှစ်ဦးဖြစ်သည့် တိုက်စစ်မှူး ဂျိုတာနှင့် ကွင်း လယ်ကစားသမား ကာတစ်ဂျုံးစ်တို့ ဒဏ်ရာအသီးသီး ရရှိပြီးနောက် ဒဏ်ရာရကစားသမား ပိုမိုများပြားလာကြောင်း သိရပါတယ်။

လီဗာပူးအသင်းက ဘရန့်ဖို့ဒ်အသင်းကို နူနက်စ်၊ မက်အယ်လက်စတာ၊ ဆာလက်ချ်နှင့် ဂက်ပိုတို့၏သွင်းဂိုးများနှင့် ၄ ဂိုး- ၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သော်လည်း ပွဲချိန် ၃၄ မိနစ်တွင် ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ် တံကောက်ကြောဒဏ်ရာကြောင့် လူစားလဲထွက်ခွာခဲ့ရသကဲ့သို့ ပွဲချိန် ၄၄ မိနစ်တွင် အဓိကတိုက်စစ်မှူး ဂျိုတာ ဒူးဒဏ်ရာရရှိကာ လူစားလဲ ထွက်ခွာခဲ့ရသောကြောင့် လီဗာပူးအသင်းအတွက် ထိုးနှက်ချက်များ ဖြစ်လာဖွယ်ရှိနေပါတယ်။

လီဗာပူးအသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲအဖြစ် လာမယ့် ဖေဖော်ဝါရီ ၂၅ ရက် တနင်္ဂနွေနေ့ မြန်မာစံတော်ချိန်ည(၉:၃၀)နာရီအချိန်မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပါတယ်။