မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိ

ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၉ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာအနီးတွင် လားရှိုး – မန္တလေးသွား AD VAN ခရီးသည်တင်မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာယာဉ်ပေါ်တွင် လူမဲ့တန်ဆာတင်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၄၇ ကီလိုတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၄ ရက် မွန်းလွဲ ၁ နာရီတွင် အဆိုပါစိတ်ပြောင်းဆေးဝါးများကို လားရှိုးမှမြစ်ကြီးနားသို့ သယ်ဆောင်ရောင်းဝယ်သူများဖြစ်ကြသည့် ပြည့်ဖြိုးအောင်(ခ)ဆိုင်လျန်းကို မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်မြစ်ဖျားဧရာ အဝေးပြေးကားဝင်းတွင် မော်တော်ဆိုင်ကယ် တစ်စီးနှင့်လည်းကောင်း၊ ဇာနည်မျိုးနိုင်(ခ)ဇာနည်ကို မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက်တွင် စိတ်ပြောင်းဆေးဝါး Happy Water ၂၁၀ ဂရမ်၊ LEXUS မော်တော် ယာဉ်တစ်စီးနှင့်လည်းကောင်းဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။

စုစုပေါင်းဖမ်းဆီးရမိမှုမှာ ဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၆၄ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water ၁၃ ဒသမ ၆၈ ကီလိုဖြစ်ပြီး စစ်ဆေးဖော်ထုတ် ချက်အရသိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး Happy Water များကို ရှမ်းပြည်နယ်မှ မန္တလေး၊ ယင်းမှတစ်ဆင့် ကချင်ပြည်နယ်သို့ လူမဲ့တန်ဆာဖြင့် သယ်ဆောင်၍ KTV/ CLUB/ BAR နှင့် စားသောက်ဆိုင်များတွင် ရောင်းချခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန် သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။