အမေရိကန်က အီရန်စစ်ရေယာဉ်တစ်စင်းအား ဆိုက်ဘာတိုက်ခိုက်


ဖေဖော်ဝါရီ ၁၇

အမေရိကန်စစ်ဘက်သည် ပင်လယ်နီအတွင်းရှိ အီရန်စစ်ရေယာဉ်တစ်စင်းအား ဆိုက်ဘာတိုက်ခိုက် ခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ NBC သတင်းဌာနက ထုတ်ပြန်သည်။

ဆိုက်ဘာတိုက်ခိုက်ခံရသည့် အီရန်စစ်ရေယာဉ်မှာ MV Behshad အမည်ရှိ စစ်ရေယာဉ်ဖြစ်ပြီး ယင်း သင်္ဘောသည် ယခုနှစ် ဇန်နဝါရီလမှစ၍ အာဖရိကဦးချိုဒေသ၌ စစ်ရေးအရ စတင်လှုပ်ရှားလာခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်စစ်ဘက်အနေဖြင့် ယင်းစစ်သင်္ဘော၏ ထောက်လှမ်းရေးသတင်း ရယူစုဆောင်းနိုင်မှုစွမ်းရည်ကို လျှော့ချနိုင်ရန်အတွက် ဆိုက်ဘာတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုသည် ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းက ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းတစ်ခုအား မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်က လက်တုံ ပြန်သည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း NBC သတင်းဌာနက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။

ဂျော်ဒန် နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တိုက်ခိုက်မှုအတွင်း အမေရိကန်စစ်သည်သုံးဦး သေဆုံးပြီး အခြား ၄၀ ဦး ခန့် ဒဏ်ရာရရှိသွားကြောင်းသိရသည်။