ဇီးသီးကောက်ရန် ဘာဘူကုန်းကျေးရွာသို့ သွားရောက်သော ပြည်သူတစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရရှိ


ဖေဖော်ဝါရီ ၁၃

ကျောက်တံခါးမြို့နယ်၊ ဆေးရိုးခင်ကျေးရွာနေ ဦးကျော်နိုင်၊ ၅၆ နှစ်သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့  မွန်းလွဲ  ၂ နာရီအချိန်ခန့်တွင် ဇီးသီးကောက်ရန် ဘာဘူကုန်းကျေးရွာသို့ သွားရောက်စဉ် ဘာဘူကုန်းကျေးရွာရှိ မီးရထားလမ်းမိုင်တိုင်အမှတ် ၁၀၄ မိုင် ၈ ဖာလုံအနီး မီးရထား သံလမ်း၏ အရှေ့ဘက်ကိုက် ၂၀၀ အကွာအရောက် အကြမ်းဖက် KNU/PDF  ပူးပေါင်းအဖွဲ့က ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဦးကျော်နိုင်တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။