ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံးကိုလာပါက အခွန်ပေးသွင်းမှု အထောက်အထား ယူလာရမည်”


ဇန်နဝါရီလ ၁၁


ထိုင်းနိုင်ငံက အခွန်ထမ်းဆောင်ထားရှိတဲ့ မြန်မာလုပ်သားများအနေနဲ့ မြန်မာသံရုံးနဲ့ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)သို့ အကြောင်းကိစ္စရှိ၍ လာရောက်ပါက အခွန်ပေးသွင်းမှုအထောက်အထားများ ယူဆောင်လာရမယ်လို့ သံရုံးရဲ့အသိပေးထားချက်အရ သိရပါတယ်။
ဗန်ကောက်ရှိ မြန်မာသံရုံး ရုံးဖွင့်ရက်များမှာ နေ့စဉ်လာရောက်အခွန်ထမ်းဆောင်သူ ပျမ်းမျှ ၁၀,၀၀၀ ဦးခန့် ရှိရာ အခွန်ပေးသွင်းမှုအထောက်အထား(ငွေရပြေစာ)ကို နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်းကိုလည်း ထုတ်ပြန်ထား ပါတယ်။
အခွန်စတင်ကောက်ခံသည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်ကစပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်အထိ ၃၅,၉၁၉ ဦး အခွန်ထမ်းဆောင်မှုကို လာရောက်ဆောင်ရွက်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံသို့ပြန်ရောက်ချိန် မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှာ အဆိုပါငွေရပြေစာကိုပြသပြီး ငွေဖြူ (အခွန်ကင်းလွတ်ခွင့်ငွေ)တွက်ချက်ကာ မြေကွက်၊ နေအိမ်၊ တိုက်ခန်းနဲ့ မော်တော်ယာဉ်များ ဝယ်ယူရာမှာ ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိရေးအတွက် အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စက်ရုံ/အလုပ်ရုံနဲ့ လုပ်ငန်းခွင်များမှာ စုစည်းအလုပ်လုပ်ကိုင်နေသူများအနေနဲ့ တစ်ဦးချင်း လာရောက်၍ အခွန်ထမ်းဆောင်ရန်မလိုအပ်ဘဲ စက်ရုံအစီအစဉ်နဲ့ ကိုယ်စားလှယ်တစ်ဦးကို မြန်မာသံရုံးသို့ စေလွှတ်ပြီး ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။
အဆိုပါကိုယ်စားလှယ်က လုပ်သားတစ်ဦးချင်းစီရဲ့ နိုင်ငံကူးလက်မှတ်မှာ ရေးသွင်းထားတဲ့ အမည်၊ ကျား/မ၊ ပတ်စ်ပို့နံပါတ်၊ မွေးသက္ကရာဇ်၊ ပတ်စ်ပို့ထုတ်ပေးတဲ့ရက်စွဲ၊ ကုန်ဆုံးတဲ့ရက်စွဲတို့ကို ယူဆောင်လာရမယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews