အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် ပို့ကုန်ရငွေပမာဏ ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးနေ

ဖေဖော်ဝါရီ ၈

ပို့ကုန်လုပ်ငန်းရှင်များ လုပ်သာကိုင်သာရှိပြီး အကျိုးအမြတ်များရရှိရန်နှင့် ပြည်ပပို့ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့်ပို့ကုန်ရငွေပမာဏ (၅၀ : ၅၀) ရာခိုင်နှုန်းအစား (၃၅ : ၆၅) ရာခိုင်နှုန်းကို အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။


ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့နိုင်ရန်နှင့် ရော်ဘာတင်ပို့မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ရာသီချိန်ကာလ (၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၄ ခုနှစ် မတ် ၃၁ရက်အထိ) ရော်ဘာတင်ပို့မှုမှ ရရှိသောပို့ကုန်ရငွေဖြင့် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့ပါကြောင်း၊ ထို့ပြင် လယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုမှရရှိသော ပို့ကုန်ရငွေဖြင့် စက်သုံဆီနှင့် စားသုံးဆီ တင်သွင်းခြင်းအား ဆောင်ရွက်ခွင့်ပြုပေးခဲ့သည်ဟု နစကကောင်စီဝင် ဗိုလ်ချုပ်ကြီးမြထွန်းဦးမှ ပြောသည်။

နစကအနေဖြင့် ပြည်တွင်း / ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူလူထုအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေး၊ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး၊ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေး တို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

PAN