ပဲခူးမြို့နယ် ဘုရားကြီးမြို့စျေးတွင် ရေခဲမုန့်ဆိုင်သုံး Safe Guard အပူလွန်ကဲရာမှမီးလောင်ခဲ့


ဖေဖော်ဝါရီ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဘုရားကြီးမြို့စျေးတွင် ရေခဲမုန့်ဆိုင်နှင့် ဆေးဆိုင်တို့မီးလောင် ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဥ်မှ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ် အချိန်ခန့်က ပဲခူးမြို့နယ် ဘုရားကြီးမြို့ဈေး၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးကားလမ်းဟောင် မိုင်တိုင် (၄၅/၁)နှင့် (၄၅/၂)ကြား၊ ဘုရားကြီးမြို့ဈေးရှေ့ရှိ “ဌေးဌေးမြတ် ရေခဲမုန့်ဆိုင်”နှင့် “ထွန်းသစ်ဆေးဆိုင်”(၈ x ၁၅ )ပေ၊ အမြင့် (၁၀)ပေ အုတ်ကာ၊ သွပ်မိုး (၄)ခန်းအတွင်းတို့၌ မီးလောင်ကျွမ်းနေသည်ကို တွေ့ရှိရသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ ၊ တာဝန်သိသူများမှအတူတကွ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် ၇ အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်ကျွမ်းရသည့် ဖြစ်စဉ်အား စစ်မေးရာ “ဌေးဌေးမြတ်ရေခဲမုန့်” ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ဝင်းဌေး၊ ၃၅ နှစ်၊ ဈေးရောင်း ၊ အမှတ်(၃)ရပ်ကွက်၊ ဘုရားကြီးမြို့နေသူသည် ရေခဲမုန့်ဆိုင်အတွင်း၌ လူနေထိုင်ခြင်းမရှိဘဲ ရေခဲသေတ္တာများအား အမြဲတမ်းမီးဖွင့်ထားခဲ့ရာမှ Safe Guard မှာ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ရေခဲမုန့် ဆိုင်အတွင်းရှိ Hisense တံဆိပ်ပါ ရေခဲသေတ္တာ ၁၁ လုံး ၊ Safe Guard ၂ လုံး၊ အချိုရည်ကဒ်မျိုးစုံ ၊ “ထွန်းသစ် ဆေးဆိုင်” အတွင်းရှိဆေးပစ္စည်းမျိုးစုံနှင့် ကိုကာကိုလာ ရေခဲသေတ္တာ ၁ လုံးတို့မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားအောင် လျှပ်စစ်မီးအား အရမ်းပေါ့ဆစွာသုံးစွဲခဲ့သူ ဒေါ်ဝင်းဌေး အား ဘုရားကြီးနယ်မြေရဲစခန်းမှ (ပ) ၁၉/၂ဝ၂၄၊ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

#PAN