ပြည်ပသို့ သစ်သီးဝလံတင်ပိုခဲ့မှုမှ အမေရိကန်ဒေါ်လာ ၉၆ ဒသမ ၀၆၉ သန်းကျော်ရရှိခဲ့


ဖေဖော်ဝါရီ ၇

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဧပြီလကနေ ဒီဇင်ဘာလအထိ ပြည်ပသို သစ်သီးဝလံတင်ပိုခဲ့မှုမှ အမေရိကန် ဒေါ်လာ ၉၆ ဒသမ ၀၆၉ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ပြည်ပသို ဖရဲ၊ သခွားမွှေး၊ ထောပတ်သီး၊ သရက်သီးအစရှိတဲ့ သစ်သီးမျိုးစုံကို နယ်စပ်လမ်းကြောင်းနှင့် ပင်လယ် ရေကြောင်းမှတစ်ဆင့် တင်ပိုရောင်းချနေခြင်း ဖြစ်ပါတယ်။

ယင်းသို တင်ပိုလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သရက်သီးတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၅၃၅ သန်း၊ သခွားမွှေးတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၉၅ သန်း၊ ရွှေငှက်ပျောသီးတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၇၄ ဒသမ ၅၇၄ သန်း၊ ဖရဲသီးတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၇၀၅ သန်း၊ ထောပတ်သီးတင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၈၆ သန်း၊ ငှက်ပျောသီး(ရိုးရိုး)တင်ပိုမှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁၃ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် သစ်သီးဝလံများကို နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အများဆုံးတင်ပို လျက်ရှိပြီး သရက်သီးကို ပင်လယ်ရေကြောင်းမှ တင်ပိုကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ သစ်သီးဝလံများကို တရုတ်နိုင်ငံသို အဓိကတင်ပိုလျက်ရှိပြီး သီးနှံ ၂၅ မျိုးကို အဓိကထားတင်ပိုနေခြင်းဖြစ်ကြောင်း သိရပါတယ်။ ယခင်က တရုတ်နိုင်ငံသို သစ်သီးဝလံတင်ပိုမှုမှ တစ်နှစ်လျှင်ပျမ်းမျှ အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင်အထိ ဝင်ငွေ ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုင်တည်နဲ့ ကျိုင်းတုံ နယ်စပ်စခန်းများမှတစ်ဆင့် တရုတ်နှင့်ကုန်သွယ်နေခြင်းဖြစ်ပြီး ယခုအခါ အဆိုပါနယ်စပ်ဂိတ်များ ပိတ်ထား၍ မိုင်းလားမှတစ်ဆင့် တင်ပိုနေရတာ ကြောင့် ကုန်ကျစရိတ် ပိုမိုများပြားနေကြောင်းလည်း သိရပါတယ်။

PAN