အမေရိကန်က အီရန်ထောက်ပံ့ပေးထားသော စစ်သွေးကြွများကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်မည်


ဖေဖော်ဝါရီ ၆

အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံက ထောက်ပံ့ပေးထားသော အရှေ့အလယ်ပိုင်းဒေသရှိ စစ်သွေးကြွများကို တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦး ဖြစ်သည့် ဂျိတ်ဆူလီဗန်က ပြောသည်။ ထိုပြင် အီရန်နိုင်ငံအတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်မှုများပြုလုပ်နိုင်ခြေ ရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းမှုကိုမူ အဆိုပါ တာဝန်ရှိသူက ငြင်းဆိုမှုမပြုခဲ့ကြောင်း သိရသည်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ်ဆူလီဗန် က ၎င်းတို၏တပ်ဖွဲဝင်များ သိုမဟုတ် ကိုယ့်ပြည်သူများ တိုက်ခိုက်ခံရပါက လက်တုံပြန်မှုများ ပြုလုပ်သွားမည်ကို ရှင်းရှင်းလင်းလင်းသိစေရန်အတွက် နောက်ထပ်တိုက်ခိုက်မှုများနှင့် ဆောင်ရွက်မှုများကို လုပ်ဆောင်ရန်ရည်ရွယ်‌ထားကြောင်း ပြောကြား ခဲ့သည်။ ဂျိတ်ဆူလီဗန် က အကယ်၍ အီရန်အနေဖြင့် အမေရိကန်နိုင်ငံကို တိုက်ရိုက်တုံပြန်ရန်အတွက် ရွေးချယ်ခဲ့ပါက အမေရိကန်နိုင်ငံရဲ့ ပြင်းထန်သော လက်တုံပြန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရမည်ဟု ဆက်လက်ပြောသည်။ ဂျိတ်ဆူလီဗန် သည် အမေရိကန်က အရှေ့အလယ်ပိုင်း၌ တိုက်ခိုက်မှုများလုပ်ဆောင်ပြီး နောက်ပိုင်းတွင် ထိုစစ်ဆင်ရေးများနှင့်ပတ်သက်၍ မကြာခဏ အတည်ပြုထုတ်ပြန်မှုများ လုပ်လေ့ရှိသူဖြစ်သည်။

ဇန်နဝါရီလ ၂၇ ရက်တွင် ဂျော်ဒန်နိုင်ငံအတွင်းရှိ အမေရိကန်စစ်စခန်းတစ်ခု တိုက်ခိုက်ခံရမှုတွင် အမေရိ ကန် စစ်သည်သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီးနောက် ထိုတိုက်ခိုက်မှုကို လုပ်ဆောင်သူသည် အီရန် နိုင်ငံမှ ရရှိသော ထိုနိုင်ငံထုတ်ဒရုန်းများကို အသုံးပြုသွားကြောင်း အမေရိကန်ကပြောထားသည်။ ထိုကြောင့် ယခု လုပ်ဆောင်သော တိုက်ခိုက်မှုများသည် စီစဉ်ထားသော လက်တုံပြန်တိုက်ခိုက်မှုများအနက် ပထမအဆင့် သာ ရှိသေးကြောင်း အမေရိကန်အစိုးရ က ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်အကုန်တွင် အမေရိကန်နှင့် ဗြိတိန် ပူးပေါင်းအဖွဲများက ယီမင်နိုင်ငံအတွင်းရှိ ဟူသီသူပုန်များ ထိန်းချုပ်ထားသော နေရာ ၁၃ ခု ရှိ ပစ်မှတ်များကို ဝေဟင်၊ မြေပြင်တိုမှနေ၍ တိုက်ခိုက်မှုများ လုပ်ဆောင်သည်။ လက်ရှိအချိန်တွင် အမေရိကန် နှင့် ဗြိတိန်တိုသည် အီရတ်နှင့်ဆီးရီးယားရှိ ပစ်မှတ်များအပြင် ပင်လယ်နီအတွင်း အနောက်အုပ်စုပိုင် ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် စစ်သွေးကြွများ၏ပစ်မှတ်များကိုပါ တိုက်ခိုက်နေရကြောင်း ဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။