ပြင်ဦးလွင်မြို့တွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၄ ပြုလုပ်


ဖေဖော်ဝါရီ ၅

မန္တ​လေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ပြင်ဉီးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၄ ကို ​ဖေဖော်ဝါရီ လ ၅ ရက်နေ့ နံနက် ၇ နာရီခွဲက အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ ပြင်ဉီးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၄ ကိုကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ရှေးဉီးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးတို့က အဖွင့်အမှာစကားပြောကြားပြီး နံနက် (၀၈:၀၀)နာရီအချိန်က စက်ဘီးစီးနင်းလိုက်ပါသူများကို အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်းမှ စတင် တာလွတ်ပေးခဲ့သည်။

အဆိုပါ စက်ဘီးစီးအဖွဲ့သည် သတ်မှတ်လမ်းကြောင်းအတိုင်း ကန်တော်ကြီးအတွင်း ပတ်လမ်း၊ ကန်တော်ကြီးအပြင်တာဘောင်နှင့် ပတ်လမ်း၊ ကန်တော်ကြီးမှ မြို့ရှောင်လမ်း- ဆင်ခေါင်းလေးကျေးရွာလမ်းဆုံအထိ၊ မြို့ရှောင်လမ်း၊ မန္တလေး-လားရှိုးလမ်းအတိုင်း ပျော်ရွှင်စွာ စီးနင်းထွက်ခွာလာပြီး ပွဲကောက်ရေတံခွန်နေရာတွင် ပြန်လည်လူစုပြီး နားနေခြင်းများ၊ အမှတ်တရဓါတ်ပုံ ရိုက်ကူးခြင်း၊ ပွဲကောက်ကျေးရွာမရောက်မှီ လမ်းဘေး ဝဲ/ယာရှိ စိုက်ခင်းများ၊ ရှုခင်းများတွင် ဓါတ်ပုံရိုက်ကူးခြင်း ပြုလုပ်ပြီး သတ်မှတ်လမ်းကြောင်းအတိုင်း ဒီဇင်ဘာ ရေတံခွန်နှင့် အပန်းဖြေစခန်း (ဒီဇင်ဘာခြံ)သို့ ဆက်လက်စီးနင်း ထွက်ခွာခဲ့ကြသည်။

စက်ဘီးစီးသမား (၃၅၀)ဦးအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖွဲ့နှင့် တာဝန်ရှိသူများမှ အမှတ်တရ လည်ဆွဲဆုတံဆိပ်များနှင့် ဂုဏ်ပြုလက်မှတ်များပေးအပ်ခဲ့ပြီးနောက် နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

PAN