အီတာက ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြဖြစ်လာ

ဇန်နဝါရီ ၃၁

ယူနီယံဘာလင်အသင်းရဲ့နည်းပြ မာရီလူးဝစ်အီတာက ဘွန်ဒစ်လီဂါပွဲစဉ်တွင် တာဝန်ယူခွင့်ရသည့် ပထမဆုံးအမျိုးသမီးနည်းပြ ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

အသက် (၃၂) နှစ်ရှိ အီတာဟာ ဇန်နဝါရီ (၂၈) ရက်က ယူနီယံဘာလင်အသင်းနဲ့ ဒမ်းစတက်ဒ်အသင်းတို့ပွဲစဉ်တွင် စတင်တာဝန်ယူခဲ့ပြီး အဆိုပါပွဲစဉ်၌ ပြိုင်ဘက်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနီယံဘာလင်အသင်းနည်းပြ ဘီယဲလ်လီဆာမှာ ဘိုင်ယန်မြူးနစ်အသင်းနှင့်ပွဲတွင် ပြိုင်ဘက်ကစားသမား ဆာနေး၏ မျက်နှာကို နှစ်ကြိမ် တွန်းထိုးခဲ့သောကြောင့် (၃)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရရာ ပထမအသင်း၏ လက်ထောက်နည်းပြဖြစ်သူ အီတာက အစားထိုးတာဝန်ယူကိုင်တွယ်ခွင့် ရခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

အီတာဟာ ဂျာမနီလူငယ်လက်ရွေးစင်အသင်းများတွင် ပါဝင် ကစားခဲ့ဖူးပြီး ၂၀၀၈ ဥရောပ ယူ-၁၇ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၌ ချန်ပီယံ၊ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယနှင့် ၂၀၁၀ ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့ပါတယ်။

အီတာက ကစားသမားဘဝတွင် ဘွန်ဒစ်လီဂါချန်ပီယံဆု သုံးကြိမ်၊ ချန်ပီယံလိဂ်ဖလား တစ်ကြိမ် ရယူနိုင်ခဲ့ပြီး ဂျာမနီ ယူ-၁၉၊ ယူ-၁၅၊ ယူ-၁၇ အသင်းတို့ကိုလည်း နည်းပြအဖြစ် ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပါတယ်။