ပြည်သူ့လုံခြုံရေးဆိုသည့် တပ်ချုပ်၏စကားရပ်အနောက်တွင် ဌာနေပြည်သူ့စစ်အဖွဲ့တွေကို စတင် လက်နက်တပ်ဆင်

ဇန်နဝါရီ ၂၉

လွန်ခဲ့သောလကပြုလုပ်ခဲ့သည့် နစကဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများတွေ့ဆုံမှုအပြီး ပြည်သူ့လုံခြုံရေးစနစ်ဆိုသည့် စကားရပ်ထွက်ပေါ်လာခဲ့သည်။
ဇန်နဝါရီ ၂၆ ရက်နေ့ကပြုလုပ်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီအစည်းအဝေးအပြီး ယ​နေ့ ဇန်နဝါရီ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ ဌာနေပြည်သူ့စစ်များအား လက်နက် ခဲယမ်းများတပ်ဆင် ပေးအပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ နားဟီးကျေးရွာအုပ်စု၊ ထီရိကျေးရွာ ဘောလုံးကွင်းတွင်ပြုလုပ်ခဲ့သည့် တပ်မတော်မှ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်းများ ပေးအပ်တပ်ဆင်ပွဲကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး သက်ဦးနှင့် တပ်မတော်အရာရှိများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ စုစုပေါင်း (၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

တပ်မတော်မှ ဌာနေပြည်သူ့စစ်များအား တပ်ဆင်ပေးသည့်လက်နက်များမှာ MA-11 ချေမှုန်းရေးရိုင်ဖယ် (၁၁၀၀)လက်၊ ဗုံးပစ်လောင်ချာ(၁၄)လက်၊ စိန်ပြောင်း(၅)လက်၊ ၎င်းကျည် မျိုးစုံတို့ဖြစ်ကြောင်း သိရသည်။

ယခုလက်နက်တပ်ဆင်ပေးလိုက်သည့် ဌာနေပြည်သူ့စစ် အဖွဲ့အနေဖြင့် တပ်မတော်နှင့်အတူ သောင်းကျန်းသူ ချေမှုန်းရေးစစ်ဆင်မှုလုပ်ငန်းများအား အစဉ်တစ်စိုက် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် ဆီဆိုင်မြို့အား အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူ PNLO/ PNLA/PNDF/KNDF/PDF ပူးပေါင်းအဖွဲ့များအား တန်ပြန်တိုက်ခိုက်ရာတွင်လည်း တပ်မတော်နှင့် အတူ ပူးပေါင်းတိုက်ခိုက်ပေးခဲ့ပြီး ဌာနေပြည်သူ့စစ် (၁၅၀၀)ခန့်ရှိကြောင်း သိရှိရပါသည်။

PAN