စည်းလုံးညီညွတ်သည့် ပြည်သူ့လုံခြုံရေးစနစ်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု၍ ပဋိပက္ခများဖြစ်ပေါ်လာသည်။ ပဋိပက္ခဖြစ်စဉ်များ၏အခြေခံမှာ ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုဖြစ်စဉ်အထိ ဖြစ်ပေါ်လာခဲ့သည်။

ထိုမှတစ်ဆင့် ပွဲလန့်တုန်းဖျာခင်းလိုသည့်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပြိုကွဲပျက်စီးစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့်လူငယ်များကို အကြမ်းဖက်လမ်းစဉ်ပေါ်သို့ တွန်းပို့ပေးခဲ့သည်။

အလားတူ နိုင်ငံရေးအမြတ်ထုတ်လိုသည့်၊ အာဏာကို ဖြတ်လမ်းနည်းဖြင့်ရယူလိုသည့် အစွန်းရောက်နိုင်ငံရေးသမားများက CRPH/NUG အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်းပြီး PDF အမည်ခံလူငယ်များကို မြှောက်ပင့်ထောက်ပံ့ပေးပြီး အကြမ်းဖက်လမ်းစဉ်ကြီးထွားလာအောင် ပြုလုပ်ပေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့် လူငယ်များအား အကြမ်းဖက်သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းများပြုလုပ်ပြီး ၎င်းတို့နှင့်အတူ လက်နက်ကိုင်သောင်းကျန်းမှုများ လုပ်ကိုင်လာသည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံအတွင်းရှိ အချို့မြို့နယ်များ၌ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များ ပေါ်ပေါက်လာသည်။အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်လာသောကြောင့် ပဋိပက္ခဖြစ်ပွားသည့် ဒေသများတွင် ပြည်သူများ၏ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးသည့်အပြင် တိုင်းရင်းသားပြည်သူများပါ ထိခိုက်သေဆုံးမှု၊ စစ်ဘေးရှောင်ဒုက္ခရောက်ရမှုများ ဖြစ်ပေါ်ခဲ့သည်။ တစ်ဖက်တွင် သတင်းတု၊ သတင်းမှားဖြန့်ဝေပြီး ပြည်သူလူထုကြောက်ရွံ့အောင် ဆောင်ရွက်ခြင်းများအပြင် အခြားသောနည်းလမ်းမျိုးစုံတို့ဖြင့် အစိုးရအုပ်ချုပ်ရေးယန္တရားပျက်ယွင်းအောင် လုပ်ဆောင်နေမှုများကို လုံခြုံရေးအရ သတိပြုကြရမည်ဖြစ်သည်။

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကိုရှေးရှု၍ ပူးပေါင်းလက်တွဲကာကွယ်ကြရမည်ဖြစ်သည်။နိုင်ငံတော်နှင့်ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်အတွက် ပြည်သူ့လုံခြုံရေးစနစ်သည် အရေးပါသည့်စနစ်တစ်ခုဖြစ်သည်။ “ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွတ်ညွတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းရပ်များသည်လည်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း(၁)နိုင်ငံတော်၏အခြေခံမူများ အပိုဒ်(၂၀) (ဃ)တွင် “တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။” အပိုဒ်(၂၁) (ဂ)တွင် “ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့သည် နိုင်ငံသားတိုင်း၏တာဝန်ဖြစ်သည်” ဟုပြဋ္ဌာန်းထားသည်။

ထို့အပြင် အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အပိုဒ်(၃၈၃)တွင် “နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို စောင့်ထိန်းရန်တာဝန်ရှိသည်။

အပိုဒ်(၃၈၅)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” ဟုပြဋ္ဌာန်းထားသည်။

သို့ဖြစ်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် ကျန်းမာသန်စွမ်းသောနိုင်ငံသားတိုင်းသည် နိုင်ငံ့အရေးပေါ်ပေါက်လာသည့်အခါတွင် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေး၊ ပြည်သူများ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

တပ်မတော်သည် ပြည်ပရန်ကိုကာကွယ်ရန် အဓိကတာဝန်ရှိသော်လည်း မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနောက်ခံအခြေအနေများအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြည်သူလူထုနှင့်အများဆုံးထိတွေ့ရသည်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များဖြစ်ပြီး ပြည်သူလူထုအကျိုးကိုဆောင်ရွက်နေကြသည့် ဒေသအလိုက်အုပ်ချုပ်ရေး အဖွဲ့များနှင့်အတူ ပူးပေါင်းလက်တွဲ၍ ပြည်သူလူထုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတော်အကျိုး၊ ပြည်သူ့အကျိုးကို ကာကွယ်စောင့်ရှောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်ရန်လိုအပ်သည်။

ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပြီး ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်၍ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။

#PAN