တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်သို့ လာရောက်လည်ပတ်သူများနှင့် အထူးစည်ကား

ဇန်နဝါရီ ၂၈

အရှေ့တောင်အာရှတွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) ၏ (၁၁၈) နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကို ဇန်နဝါရီလ ၂၅ ရက်​နေ့မှ ၂၈ ရက်နေ့အထိ (၄) ရက်တိုင်တိုင် တိရစ္ဆာန်ဥယျာဉ်အတွင်း၌ ပျော်ရွှင်စရာအစီအစဉ်များစွာဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ လာရောက်လည်ပတ်ပါဝင်ဆင်နွှဲသူများနှင့် အထူးစည်ကားလျက်ရှိ‌ကြောင်းသိရသည်။

ယင်းပွဲတော်တွင် Music Band & Dance Performance ၊ Magic Show အစီအစဉ်၊ ချစ်စရာ တိရစ္ဆာန်လေးများနှင့်အတူ ဓာတ်ပုံရိုက်ကူးနိုင်မည့်အစီအစဉ်များ၊ ကလေးများအကြိုက် ဂိမ်းအစီအစဥ်များ၊ လက်ဆောင်များရယူနိုင်မည့် အမေးအဖြေကဏ္ဍများအပြင် အစားအသောက်ဆိုင်များ၊ ဆေးဆိုင်များ၊အမှတ်တရလက်ဆောင်ပစ္စည်း အရောင်းဆိုင်များ၊ ကလေးကစားစရာအရုပ်ဆိုင်များသို့ ကလေးဘဝ ပျော်ရွှင်လွမ်းမောစရာအမှတ်တရများ ပြန်လည်ခံစားရင်း၊ လာရောက်ဈေးဝယ်သူများနှင့် အထူးစည်ကားခဲ့သည်။

(၁၁၈) နှစ်တိုင်ခဲ့သည့်တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) သည် ဝိတိုရိယဘုရင်မပန်းခြံနှင့် ဥယျာဉ် (Victoria Memorial Park) မှသည် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အဖြစ် (၁၁၈) နှစ်သို့တိုင်ခဲ့ပြီး အရှေ့တောင်အာရှတွင် သက်တမ်းအရင့်ဆုံးသော တိရစ္ဆာန် ဥယျာဉ်တစ်ခုလည်းဖြစ်သည်။

တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်) အား ဗြိတိသျှအစိုးရလက်ထက် (ကိုလိုနီခေတ်) တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်ကို ဗြိတိသျှတို့အုပ်စိုးစဉ်က ဝန်ရှင်တော်မင်းကြီး ဆာအာသာဖယ်ရာ (Sir Arthur Phayre) သည် မြန်မာပြည်မှ ကျေးငှက်တိရစ္ဆာန်များအား အထူးစိတ်ပါဝင်စာသောကြောင့် ၎င်းတို့ကို စုဆောင်းပြီးလျှင် လှောင်အိမ်ငယ်များဖြင့် မွေးမြူထားရှိသည်။

ထိုအချိန်မှာခရစ်သက္ကရာဇ် ၁၈၆၇ ခုနှစ်ခန့်ကဖြစ်ပြီး ၁၈၈၂ ခုနှစ်တွင် ယခုရန်ကုန်ပြည်သူ့ဆေးရုံကြီးနေရာ၌ “ဖယ်ရာ” ပြတိုက်ဖွင့်လှစ်ကာ ၎င်းပြတိုက်တွင် စုဆောင်းထားရှိသော တောရိုင်းတိရစ္ဆာန်များကိုလည်း လှောင်အိမ်ငယ်များနှင့် ပြသခဲ့သည်။

ထိုစဉ်က ထိုနေရာမှာ ဖယ်ရာပြတိုက်နှင့် သစ်ပင်ပန်းမန်တိုးပွားရေး အသင်းတိုက် (Agri – Horticultural Society of Burma) ၏ တည်ရာဋ္ဌာနလည်းဖြစ်သည်။

၁၉၀၁ ခုနှစ်တွင် ဝိတိုရိယဘုရင်မကြီး (ခရစ်သက္ကရာဇ် ၁၈၁၉ – ၁၉၀၁ ခုနှစ်) ၏ နန်းသက် (၂၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သီးခြားတိရစ္ဆာန်ဥယျာဉ်တစ်ခုတည်ထောင်ရန် လူထုထံမှ ကောက်ခံရရှိသော အလှူငွေနှစ်သိန်းလေးသောင်း (၂၄၀၀၀၀) ဖြင့် ကန်တော်ကြီးအနီးရှိ မြေရိုင်း (၆၁) ဧကကို ခုတ်ထွင်ရှင်းလင်းပြီး ယခုလက်ရှိ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်) ကို တည်ဆောက်ခဲ့သည်။

၁၉၀၆ ခုနှစ်၊ဇန်နဝါရီလ၌ အင်္ဂလန်ပြည် ဝေလမင်းသားနှင့် ကြင်ယာတော် မေရီမိဖုရား တို့ကအခမ်းအနားဖြင့် ဝိတိုရိယဘုရင်မပန်းခြံနှင့်ဥယျာဉ် (Victoria Memorial Park) ဟု ကမ္ဗည်းတပ်ပြီး ဖွင့်လှစ်ခဲ့သည်။

၁၉၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကမ္ဗည်းတပ်ပြီး ဖွင့်လှစ်ခဲ့သော ဝိတိုရိယဘုရင်မပန်းခြံနှင့်ဥယျာဉ် (Victoria Memorial Park) ဟုခေါ်သည့် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)သည် ယနေ့ထက်တိုင် တိုင်းပြည်၏ ဂုဏ်ကျက်သရေနှင့်အများပြည်သူများ စိတ်လက်ပျော်ရွှင်ချမ်းမြေ့စွာအနားယူအပန်းဖြေနိုင်သည့်နေရာသည်။ နှစ်ပေါင်း (၁၁၈) နှစ်တိုင်ရှိပြီး ဖြစ်ကြောင်းသိရသည်။