“အီရန်နှင့်ရုရှားကြား အကြမ်းဖက်မှု နှိမ်နင်းရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်”

ဇန်နဝါရီလ ၂၇
အကြမ်းဖက်မှု နှိမ်နင်းရေး နယ်ပယ်တွင် အီရန်နှင့်ရုရှားနိုင်ငံတို့ကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည် ဟု အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ၏ထိပ်တန်းအတွင်းရေးမှူး အလီအက်ဗာအန်ဗာဒင် က ပြောကြားသည်။ မော်စကိုမြို့ရှိ ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး နီကိုလိုင် ပတ်ထရူရှဗ်နှင့် တွေ့ဆုံရာတွင် အီရန်အမျိုးသားလုံခြုံရေးကောင်စီ (SNSC) ၏ထိပ်တန်းအတွင်းရေးမှူး အလီအတ်ဗာ အန်ဗာဒင် က ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ အီရန်သံရုံး၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထား သည်။
အီရန်နိုင်ငံအရှေ့တောင်ပိုင်း ကာမန်မြို့တွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှု အပြီးတွင် အီရန်နိုင်ငံသားများအပေါ် စာနာကြောင်း ပြသခဲ့သည့် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အဆင့်မြင့် အရာရှိများကို ကျေးဇူးတင်ကြောင်းနှင့် မိမိတို့နှစ်နိုင်ငံအကြား အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်မည်ဟု အလီအက်ဗာအန်ဗာဒင်က ထပ်လောင်း ပြောကြားသည်။
ဂါဇာကမ်းမြောင်တွင် အစ္စရေး၏ တိုက်ခိုက်မှုများကို အဆုံးသတ်ရေးအတွက် တောင်းဆိုခဲ့ပြီး ဂါဇာဒေသ အရေးတွင် ရုရှား က အပြုသဘောဆောင်သည့် ရပ်တည်ချက်ရှိကြောင်း ၎င်းက ပြောကြားသည်။ အီရန်နိုင်ငံ ကာမန်မြို့၌ ဇန်နဝါရီလ ၃ ရက် က ဖြစ်ပွားခဲ့သော အကြမ်းဖက်ဗုံးခွဲမှုနှစ်ခုကို ရှုတ်ချခဲ့ပြီး အီရန်ပြည်သူများနှင့် အစိုးရကိုယ်စား ဝမ်းနည်းကြောင်း ပတ်ထရူရှဗ် က ပြောကြားခဲ့သည်။ မော်စကိုနှင့်တီဟီရန်အကြား ဆက်ဆံရေး ကိုလည်း အဆင့်သစ်သို့ မြှင့်တင်သွားမည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။

#PAN

Telegram link

https://t.me/positiveanglenews