လွိုင်ကော်မြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ဗုံးများကြဲချမှုကြောင့် နှစ်ထပ်ဈေးတစ်ဝိုက် ဆိုင်ခန်းများနှင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေနေ

ဇန်နဝါရီ ၂၇

ကယားပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေးကို ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများကြဲချမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ လွိုင်ကော်မြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းမရှိပါကြောင်း၊ ၎င်းနှစ်ထပ်ဈေးသည် ဇန်နဝါရီ ၂၄ ရက်တွင် အကြမ်းဖက်သောင်းကျန်းသူများက လက်လုပ်လက်နက်ကြီး၊ လက်လုပ်စိန်ပြောင်းများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

တရားမဝင် ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကို ဖုံးကွယ်ပြီး ပြည်သူများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်များတွင် လုပ်ကြံရေးသားဖြန့်ဝေနေပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် လုပ်ဆောင်နေခြင်းသာဖြစ်ကြောင်း သိရသည်။

#PAN