ပဋိပက္ခနှင့် ဖွံ့ဖြိုးရေးဆက်စပ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီ

ပဋိပက္ခနှင့် ဖွံ့ဖြိုးရေးဆက်စပ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီ

မိုးမြင့်

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် စီးပွားရေးတောင့်တင်းခိုင်မာခြင်းနှင့် ဆက်စပ်ပါသည်။ တစ်ဖန်ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုသည်လည်း ဆက်စပ်မှုရှိနေပြန်သည့်အတွက် ငြိမ်းချမ်း‌မှုမရှိသည့်အခါ နိုင်ငံ့စီးပွားရေးအခြေခံအဆောက် အအုံများတည်‌ဆောက်ရာတွင် အခက်အခဲများ ရှိရပြန်သည်။

ရေရှည်ပဋိပက္ခများနှင့် နပန်းလုံး‌နေရသည့်နိုင်ငံများတွင် ပို၍သိသာသည်။ ထိုနိုင်ငံများတွင် အလုံးစုံငြိမ်းချမ်းရေးဟူသည် အိပ်မက်မျှသာဖြစ်နေသည့်အခါ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး‌ရေးကို တစ်ပြိုင်တည်း အကောင်အထည်ဖော်နိုင်မည့် မော်ဒယ်မျိုးရှိရမည်ဖြစ်သည်။ တွေ့ဆုံညှိနှိုင်းမှု ရသလောက်လုပ်ပြီး အပစ်အခတ်ရပ်စဲမှု ဖြစ်နိုင်သမျှဖြစ်အောင်လုပ်သော်လည်း တစ်ခါတစ်ရံ ဉာဏ်ပညာမဲ့၊ အတ္တဦးစားပေး၊ လက်နက်အားကိုး၊ တိုက်ပွဲဖော်ဆောင်သူများကြောင့် ငြိမ်းချမ်းရေးကို စစ်ပွဲများဖြင့် ရယူလိုက်ရတာလည်းရှိနိုင်သည်။ တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းတိုက်မှ ရရှိလာသောတိုက်ပွဲရလဒ်ဖြင့် ငြိမ်းချမ်း သွားသောဒေသများတွင် ရလျှင်ရသ‌ လောက် အခြေအနေပေးသမျှ အခွင့်အလမ်းများမှတစ်ဆင့် ပြည်သူလူထုအကျိုးစီးပွားကို တိုက်ရိုက်ဖော်ဆောင်၍ ရပါသည်။

ငြိမ်းချမ်းသည်နှင့် ချက်ချင်းအကောင်အထည်စတင်ရန်

ငြိမ်းချမ်းသည်နှင့် ထိုငြိမ်းချမ်းသော ဒေသများမှာ ဒေသခံပြည်သူများ၏ စီးပွားရေးလုပ်ငန်းများ ချက်ချင်းအကောင်အထည်ဖော်ရန် စတင်နိုင်ပါသည်။ တစ်ပိုင်တစ်နိုင်မှသည် ပို၍ကြီးမားသော စီးပွား‌ရေးအခင်းအကျင်းများအထိ လုပ်နိုင်အောင် ရှေးရှုအားထည့်ရပါမည်။ ငြိမ်းချမ်းပြီးသောဒေသများမှာ ငြိမ်ချမ်းရေးကို လုံခြုံရေး၊ ကာကွယ်ရေးအစီအမံများဖြင့် ခိုင်မာအောင်လုပ်ပြီး စီးပွားရေးအခြေခံအဆောက်အအုံများကို တည်ဆောက်ရပါမည်။ စီးပွားရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်စတင်ရန် ပညာနှင့် နည်းပညာ၏ကဏ္ဍကိုလည်း လိုအပ်သလို အားကိုးရပါမည်။ ထိုအခါ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ထွက်ပေါ်လာမှာ သေချာသည်။

နေရာမှန်လျှင် လူမှန်များ ရောက်လာမည်သာဖြစ်သည်။ အချိန်တိုင်းမှာ ပုံမှန်လုပ်ကိုင်စားသောက်ဖို့ လုံခြုံမှုရှိလာခြင်းက ထွက်ပြေးတိမ်းရှောင်နေရသူများအတွက် အင်အားတစ်ခုဖြစ်လာမည်၊ လက်နက်ကိုင်ထားသူ လက်နက်စွန့်ချင်စိတ်များ ပေါ်လာမည်။ ငြိမ်းချမ်းခြင်းက အေးမြမှုကို ပေးစွမ်းကြောင်း သက်သေသည် တိုက်ပွဲမရှိငြိမ်းချမ်းသော‌ဒေသမှ ငြိမ်းချမ်းရေးအသီးအပွင့်ခံစားရသူများထံမှသာ ထွက်ပေါ်လာနိုင်ပါသည်။ ဤသို့ဖြင့် ကနဦးရပ်ရွာဖွံ့ဖြိုးမှုမှသည် မြို့နယ်အဆင့်ဖွံ့ဖြိုးမှု ထိုမှတစ်ဆင့် ခရိုင်ဒေသအလိုက် ပြည်နယ်အဆင့် ဖွံ့ဖြိုးမှုအထိ တစ်ဆင့်ချင်းတိုးတက်လာမည်သာ ဖြစ်ပါသည်။

လူငယ်ကိုအခြေခံ

ငြိမ်းချမ်းသောဒေသများတွင် အလုပ်အကိုင် ကောင်းကောင်းလုပ်နိုင်ကြပြီး တစ်နေ့၊ တစ်လ၊ တစ်နှစ်စာ စားရေး၊ ဝတ်ရေး၊ နေရေး မပူပန်ရခြင်းက ပညာကောင်းကောင်းသင်ရဖို့ အခွင့်အလမ်းတစ်ခုဆီ ပို့ပေးပါသည်။ ကျောင်းကောင်းကောင်းတွေ ရှိလာဖို့ရာလည်း လွယ်ကူသွားပါပြီ။ လောလောဆယ် ငြိမ်းချမ်းပြီးသည့် ဒေသတစ်ခုမှာ ရန်သူမလွှမ်းမိုးအောင်၊ ရန်သူလာမတိုက်နိုင်အောင် စည်းရုံးရေးအခြေခံသည့် ပြည်သူ့လုံခြုံရေးစနစ်ပါသော ကာကွယ်ရေးအစီအမံများကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်နေရမည်။

အရာရာလူငယ်ထုကို အခြေခံရမည်၊ အမျိုးသမီးထုကို ဦးစားပေးရမည်မှာ အခြေခံအချက်များပင် ဖြစ်သည်။ ကောင်းမွန်သော အနာဂတ်အတွက် မျိုးဆက်တစ်ခု၏အခြေခံသည် ယနေ့လူငယ်များပင်ဖြစ်သည်။ စစ်၏အနိဋ္ဌာရုံများကို ကံအကြောင်းမလှကြုံရသော ယနေ့လူငယ်များသည် အကောင်းအဆိုး၊ အမှားနှင့်အမှန် ရန်သူနှင့်မိတ်‌ဆွေကို ကောင်းစွာခွဲခြားနိုင်ပြီဟု ယုံကြည်ပါသည်။ အသက်အရွယ်ကြီးရင့်သူများက သူတို့၏ အတွေ့အကြုံကို အတိတ်နှင့်ယှဉ်၍ ကောင်းစွာမျှဝေသင့်သည်။ ဒီမိုကရေစီကိုသွားမည်ဆိုလျှင် နောင်ပြည်သူ့ အကျိုးပြုပါတီများအတွက် အားသစ်လောင်းရာသည် ယနေ့လူငယ်များပင် ဖြစ်ပါလိမ့်မည်။ မျိုးချစ်စိတ်ရှိသည့်ပါတီများ၊ အမျိုးသားရေး တည်ဆောက်မည့် ပါတီများဖြစ်ရန်သည် နိုင်ငံသားကောင်းပီသပြီး အောက်ခြေခိုင်သည့် လူငယ်စည်းရုံးရေးမှူးများကို အခြေခံမှသာ ပို၍ဖြစ်နိုင်မည်ဟု ယုံကြည်ပါသည်။

တစ်နေရာကငြိမ်းချမ်းရေး အခြားဒေသများသို့ ရောက်အောင်လုပ်

ငြိမ်းချမ်းရေး ကွက်ကွက်လေးရသမျှ‌လေးမှာ ပြန်လည်ထူထောင်ရေးအမြင်ဖြင့် အမြော်အမြင်၊ ပညာဉာဏ်ရှိရှိ၊ ဆင်ခြင်တုံတရားအပြည့်၊ ကိုယ်ချင်းစာမှုအပြည့်ဖြင့် ဦးဆောင်မှုပေးနိုင်လျှင် ထိုဒေသရှိပြည်သူများ၏ လူနေမှုဘဝလေးများ အထိုက်အလျောက် တိုးတက်လာမှာ သေချာပါသည်။ ဦးဆောင်သူများ၏ စေတနာအပြည့်ဖြင့် ကူညီလုပ်ကိုင်ပေးမှုများအပေါ် စစ်ဒဏ်ခံဒေသခံများ၏ ယုံကြည်လေးစားမှုသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အပေါ်အပြု သဘောများစွာပါသော သက်ရောက်မှုကိုပေးပါသည်။

အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် အပြန်အလှန်နားလည်မှု ရရှိလာခြင်းသည် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်ပင်အဖိုးတန်လှပါသည်။ ငြိမ်းချမ်းပြီး ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို အခြားမငြိမ်းချမ်းသော ဒေသများက လက်နက်ကိုင်များ ပြည်သူများက မြင်ရကြားရသည့်အခါ မည်သို့ရှိနိုင်မည်နည်း၊ လူပီသလျှင် ငြိမ်းချမ်းမှုကို လိုချင်သည်သာဖြစ်သည်။ ငြိမ်းချမ်းမှုကို မလိုလားသူသည် လူမိုက်သာဖြစ်လိမ့်မည်။ မိမိ‌ဒေသငြိမ်းချမ်းမှုက အခြားသူများထံ ကူးစက်သွားစေပါသည်။ ဘယ်သူက စစ်ဒဏ်နှင့် အငတ်ဘေးကို ကြာရှည်ကြုံချင်ကြမည်နည်း။ အဖျက်သမားမှလွဲ၍ အပျက်ကိုဘယ်သူ လိုချင်မည်လဲ၊ မငြိမ်းချမ်းသောဒေသမှ လက်နက်ကိုင်တွေ၊ ပြည်သူတွေကို ငြိမ်းချမ်းခြင်း၏ အရသာဘယ်လိုရှိသလဲ မြင်အောင်၊ ကြားအောင်လုပ်နိုင်စွမ်းရှိရ မည်။ လှုံ့ဆော်နိုင်စွမ်းရှိရမည်၊ မျှဝေနိုင်စွမ်းရှိရပါမည်၊ လုပ်သမျှလက်တွေ့ပါ၍ လက်တွေ့လည်းကျ ထိရောက်မှုလည်း ရှိရမည်ဖြစ်သည်။

ပြန်လည်ထူထောင်ရေးနှင့်အတူ လူမှုစီးပွားဘဝကိုမမေ့ရန်

စစ်ဘေးသင့်ဒေသတွင် စီးပွားရေးကဏ္ဍပြန်လည်လှုပ်ရှားအသက်ဝင်လာအောင် နိုးထမှုက ငြိမ်းချမ်းရေးတည် ဆောက်ခြင်းမှာ မရှိမဖြစ်အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုသည်။ ငြိမ်းချမ်းရေးမရဘဲနှင့်လည်း စီးပွားရေးလုပ်လို့မရဟု ယေဘုယျဆိုသော်လည်း ငြိမ်းချမ်းရေး ဒီနေ့ရ၊ ဒီနေ့ပဲစီးပွားရေးကို စလုပ်ဖို့ စဉ်းစားတာကလည်း သဘာဝကျသည်။ နေထိုင်ဖို့နေရာထက် အာဟာရအတွက် ဝမ်းရေးကပိုအရေးကြီးသည်မဟုတ်ပါလား။

နိုင်ငံရေးကြောင့် စစ်ဖြစ်ရသလို စီးပွားရေးကြောင့်လည်း စစ်ဖြစ်ရသည့်အတွက် စီးပွားရေးပြေလည်လျှင် စစ်ကိုခဏမေ့ထားလို့ရသည်။ နောက်ဆက်တွဲအခက်အခဲနှင့် စိန်ခေါ်မှုများက ဖြေရှင်းရမှာ တသီကြီးဆို‌သော်လည်း နောက်ကျသည်ဆိုသည်မှာမရှိပါ။ ပဋိပက္ခဖြစ်ပွားမှုပုံစံ၊ ပါဝင်ပတ်သက်သူများနှင့် ပါဝင်သည့် လက်နက်ကိုင်အဖွဲ့များ၊ ပြည်ပမှ ပါဝင်ပတ်သက်မှု အားလုံးထည့်သွင်း စဉ်းစားရမည်။

ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားနိုင်ခြင်းနှင့်အတူ နယ်မြေဒေသခံများ၏ အကျိုးစီးပွား၊ ဒေသခံများ၏အကျိုးကို လိုလားလက်ခံသည့် လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားနှင့် ဘိန်း၊ မူးယစ်ဆေးနှင့် လောင်းကစားမှာ သာယာနေသည့် လက်နက်ကိုင်သူပုန်များ၏ အကျိုးစီးပွားခြားနားချက်၊ အစိုးရယန္တရားများ အမြန်ပြန်လည်လည်ပတ်နိုင်မည့် အခြေအနေနှင့် တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးကိစ္စများပါ အားလုံးထည့်တွက်ရမည်ဖြစ်သည်။

ဒေသခံများ စစ်ရှောင်ပြောင်းရွှေ့ သွားမှုနှင့်ဌာနေသို့ ပြန်လာနိုင်မည့်အနေ အထားကိုလည်း ထည့်သွင်းတွက်ချက်ရမည်။ ဆုံးရှုံးသွားသည့်လူ့စွမ်းအားအရင်းအမြစ်တွေမှာ တန်ဖိုးရှိ လူသားအရင်းအမြစ်တွေ များစွာပါသွားမည်မှာ သေချာသည်။ စစ်ဖြစ်၍သာ စစ်ရှောင်ရတာဖြစ်၍ အများစုက ကိုယ့်ရပ်ကိုယ့်ရွာသို့ ပြန်လာလိုသော်လည်း လုံခြုံရေးစိတ်မချရ၊ စားသောက်နေထိုင်ဖို့အခက်အခဲရှိသောဒေသခံများနှင့် လက်နက်ကိုင်အဖွဲ့များကို ဘယ်လိုမက်လုံးပေးမလဲ စဉ်းစားရမည်။

ပျက်စီးသွားသည့် လမ်းတံတား စသည့်အခြေခံအဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ရန်သည် ဦးစားပေး ပြန်လည်ထူထောင်ရမည့်လုပ်ငန်းများ ဖြစ်လာသည်။ ဒေသခံများနှင့် ပြန်လာသည့် ရွှေ့ပြောင်းစစ်ရှောင်များ၏ ကျန်းမာ‌ရေးနှင့် ပျက်စီးသွားသည့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးသည်လည်း အရေးကြီးကိစ္စရပ်ဖြစ်သည်ကို မေ့ထား၍မရ။ ယခင်ကတည်းက မူးယစ်၊ မှောင်ခို၊ လောင်းကစား၊ တရားမဝင်လုပ်ငန်းများနှင့် ယဉ်ပါးနေသည့် ဒေသတွင်း လက်နက်ကိုင်အများစုအဖို့မူ သမ္မာအာဇီဝကျကျလုပ်ငန်းကို‌ ကျေကျေနပ်နပ်လက်ခံတတ်ရန်နှင့် တရားဝင်စီးပွားရေးလုပ်ငန်းများနှင့် ယဉ်ပါးလာရန် ခက်ခဲမှုရှိနိုင်ပါသည်။

သို့မဟုတ်ပါက အစိုးရဝန်ထမ်းများနှင့်လုံခြုံရေးအဖွဲ့များမရှိခြင်းက လုပ်စားကိုင်စားရတာ ပို၍ကောင်းသည်ဆိုသည့် တလွဲအယူအဆတွေ ဒေသခံများ လက်နက်ကိုင်များတွင် ကိန်းအောင်းသွားမည့် အန္တရာယ်ရှိလာနိုင်ပါသည်။ ထို့ကြောင့် စိန်ခေါ်မှုနှင့်အခက်အခဲများဟူသည် ချက်ချင်းဖြေရှင်း၍ ရနိုင်မည်မဟုတ်ဘဲ အချိန်ယူစည်းရုံး၍ များစွာ ပညာပေးရန်လိုအပ်နေမည်ဖြစ်ပါကြောင်းနှင့် ဖြေလျှော့ပေးမှုများ လုပ်ကိုင်နိုင်မည့် အခွင့်အလမ်းနှင့် မက်လုံးပေးမှုများစွာ လိုအပ်‌ကြောင်း တွေ့ရမည်ဖြစ်ပါသည်။

ရေတိုအောင်မြင်မှုများကတစ်ဆင့်

ရေရှည်ပဋိပက္ခများနှင့် နပန်းလုံးနေရသည့် အခြေအနေအောက်မှာ မည်မျှပြင်းထန်နေပါစေ၊ ငြိမ်းချမ်းရေးလမ်းစ တစ်ခုသည် မမျှော်လင့်ဘဲ ရှိလာနိုင်ပါသည်။ အပစ်အခတ်ရပ်စဲထားသည့် အခြေအနေလည်း ဖြစ်နိုင်သည်။ မည်သည့်အခြေအနေမျိုး ဖြစ်လာပါစေ အခွင့်အရေးကို မိမိရရ အသုံးချနိုင်ရန် ဖြစ်ပါသည်။ တည်ငြိမ်ရေးကို လုံခြုံရေးဖြင့် ထိန်းထားပြီး တစ်ဖက်ကရသမျှ၊ ပေးသမျှဖြင့် အခြေအနေကောင်းများ ဖန်တီးနိုင်ရန်ဖြစ်သည်။ စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းကို ချက်ချင်းစလုပ်ရန်ဖြစ်ပါသည်။

ရေရှည်အကျိုးစီးပွားကို မျက်ခြည်ပြတ်မခံဘဲ ရေတိုအကျိုးရလဒ်များများ ရနိုင်သလောက် လုပ်ကြည့်ရန်ဖြစ်သည်။ ရေတိုအောင်မြင်မှုများသည် ရေရှည်အောင်မြင်မှုများအတွက် အခြေခံဖြစ်သလို ထာဝရငြိမ်းချမ်းရေးပန်းတိုင်အတွက်ပါ ရေရာသေချာသည့် အာမခံချက်များ ဖြစ်သွားနိုင်ပါသည်။ ရေတိုအောင်မြင်မှုလေးများသည် ဒေသခံများအတွက် အကျိုးစီးပွားဖြစ်စေသလို ကျန်မငြိမ်းချမ်းသောဒေသများရှိ လက်နက်ကိုင်များအတွက်လည်း အတုယူစရာတစ်ခု ဖြစ်လာနိုင်ပါသည်။ ထိုမျှတင်မက ကိုယ့်လူမျိုးအချင်းချင်း ကရုဏာတရားဖြင့် ကူညီစောင့်ရှောက်တတ်သည့် ပြည်တွင်းအလှူဒါနရှင်များအတွက်လည်း ရေရာသေချာသည့် အနာဂတ်လုပ်ငန်းစဉ်များ အပေါ်ယုံကြည်မှုကို ရရှိလာစေပြီး လူမှုစီးပွား အခြေခံအဆောက်အအုံများ ပြန်လည်တည်ဆောက်ရာမှာ တတ်အားသမျှပါဝင်လာနိုင်မည်ဟု ယူဆပါသည်။

ရေတိုအကျိုးဖြစ်ထွန်းမှုတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဝန်ဆောင်မှုအချို့က သေချာသည့် ကုန်ထုတ်လုပ်မှုရလဒ်ကောင်းကို ပေးစွမ်းပါသည်။ တစ်သမတ်တည်းသော လက်တွေ့ကျသည့်မူဝါဒ အောက်မှာ ဒေသအခြေအနေကိုကြည့်၍ ချုပ်ကိုင်မှုအနည်းဆုံးဖြင့် လုပ်ကိုင်ခြင်းက ရေတိုအောင်မြင်မှုကို ပိုရစေပါသည်။ သို့မှသာ အခြေအနေကို စောင့်ကြည့်နေကြသည့် စီးပွားရေးနှင့်ပြန်လည်ထူထောင်ရေးမှာ ရေရှည်ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်း ရှင်များအတွက် အခြေအနေကောင်းများ ရှိ‌နေပါကြောင်း သက်သေပြရာရောက်ပါမည်။

ဤဆောင်းပါး၏ အဓိကလိုရင်းမှာ စစ်ပွဲများသည် အဘယ်မျှဆိုးရွားကြောင်းနှင့် စစ်ဖြစ်လျှင် အပစ်အခတ်ရပ်စဲရန်လွယ်ကူနိုင်သော်လည်း ငြိမ်းချမ်းရေးရရှိရန်မူခက်ခဲပုံနှင့် ပြန်လည်ထူထောင်ရေးများ လုပ်ဆောင်ရန်သည် အဘယ်မျှ ခက်ခဲလှကြောင်း၊ အမှန်တကယ်စစ်၏ သားကောင်ဖြစ်ရသူများသည် အပြစ်မဲ့ပြည်သူများသာဖြစ်ပြီး လူမှုစီးပွားဘဝတွေ ဇီးရိုးလိုင်းအထိ ရောက်သွားရပုံများကို အကဲခတ်မိရန်ရည်ရွယ်ပါသည်။ ထို့ကြောင့် တည်ငြိမ်မှုခေတ္တခဏရသည့် အချိန်အတွင်းမှာ အခွင့်ကောင်းရယူ၍ ပညာဉာဏ်ရှိရှိ၊ အမြော်အမြင်ရှိရှိဖြင့် ထူထောင်ရေးလုပ်ငန်းများ ဘယ်လိုစတင်နိုင်မည်လဲ ရည်ရွယ်ခြင်းလည်း ဖြစ်ပါသည်။

ရေရှည်ဖွံ့ဖြိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးအိပ်မက်ကို ရေတိုရလဒ်နှင့် အောင်မြင်မှု အသေးလေးများမှတစ်ဆင့် အကောင်အထည်ဖော်ကြည့်ခြင်း ဖြစ်သည်။ ရရှိနေသည့် အပစ်အခတ်ရပ်စဲရေး သို့မဟုတ် စစ်ပွဲမှတစ်ဆင့် ရယူထားရသည့် ငြိမ်းချမ်း‌နေသည့်ဒေသများမှာ လူမှုစီးပွားအခြေခံအဆောက်အအုံများကို ဘယ်လိုထူထောင်မလဲ။ ကမ္ဘာ့နိုင်ငံအချို့၏ ပဋိပက္ခမဖြစ်မီနှင့်ဖြစ်ပြီး ကာလပြန်လည်တည်ဆောက်ရေးနမူနာ အချို့ကိုလေ့လာပြီး စဉ်းစားကြည့်ခြင်းဖြစ်သည်။

စိတ်ချရသည့် လုံခြုံရေးအစီအမံအောက်မှာ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်လျက်ရနိုင်သမျှ လူမှုစီးပွားဘဝတည်ဆောက်ရေးများကို ခပ်မြန်မြန် ခပ်သွက်သွက် အကောင်အထည်ဖော်နိုင်ရန်ဖြစ်သည်။ ဒေသတွင်း ရေတိုအောင်မြင်မှုများ ဖန်တီးနိုင်ခြင်းက ပြည်သူနှင့် ကျန်လက်နက်ကိုင်များကို ရသလောက် ဆွဲဆောင်စည်းရုံးနိုင်မည်ဖြစ်ပြီး ဤသို့ဖြင့် ရေရှည်ဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း တည်ဆောက်သွားနိုင်ပါမည်။ ထိုမှတစ်ဆင့်သာ ထာဝရငြိမ်းချမ်း ရေးဆိုသည်ကိုလည်း အခိုင်အမာရရှိလာမည်ဖြစ်သည်ဟု ယုံကြည်ပါသည်။ ။

နိုင်ငံပိုင်သတင်းစာမှကူးယူဖော်ပြသည်။