နိုင်ငံ့အကျိုးစီးပွား စီးပွားရေးမောင်းနှင်အား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူထားစဉ် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး”နှင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဦးတည်ချက်၊ ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာရန်အတွက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ကို အလေးထားဆောင်ရွက်လျက်ရှိသည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာ၌ ကုန်ကြမ်းမှ အရည်အသွေးပြည့်မီသော ကုန်ချောထုတ်လုပ်ရာတွင် ခေတ်မီတိုးတက်သည့် စက်မှုကဏ္ဍသည် အရေးပါဆုံးအချက်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှထွက်ရှိသော အခြေခံကုန်ကြမ်း စားသုံးဆီ၊ ဆန်နှင့် ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊ ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါးစသည့်ကုန်ကြမ်း ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန် သတ်မှတ်ထားသည်။ ကုန်ချောထုတ်လုပ်ရာတွင် ကုန်ကြမ်းသည် အဓိကဖြစ်ပြီး ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြှင့်တင်ထုတ်လုပ်နိုင်လျှင် နိုင်ငံ့စီးပွားရေးသည် ဧကန်တိုးတက်လာမည်ဖြစ်သည်။

ဒေသအလိုက်ထွက်ရှိသောကုန်ကြမ်းများကို ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ကြလျှင် မိမိဒေသမှ ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး ပြည်ပသို့ပင် တင်ပို့နိုင်သည်အထိ ရည်မှန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ MSME စက်မှုလုပ်ငန်းများအောင်မြင်စေရန် ဒေသအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME အေဂျင်စီများ၊ MSME အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ လက်တွဲပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြလျှင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်ကောင်းမွန်လာမည်မှာအမှန်ဖြစ်သည်။ အဆင့်မြင့်ကုန်ချောများ ထုတ်လုပ်နိုင်မှသာ သွင်းကုန်အစားထိုးနိုင်ပြီး ပြည်ပအတွက်ပင် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

သာဓကအားဖြင့် ကရင်ပြည်နယ်တွင် စက်မှုလုပ်ငန်း ၁၁၈၇ ခုနှင့် အဖွဲ့ဝင် ၆၂၅ ဦးရှိသည်။ ဘားအံနှင့် မြဝတီစက်မှုဇုန် နှစ်ဇုန်ရှိသည်။ ကုန်ထုတ်လုပ်မှုတွင် ထိုက်သင့်သလောက်ဆောင်ရွက်နိုင်သည်။ လုပ်ငန်းရှင်များ လက်တွဲပူးပေါင်းဆောင်ရွက်ကြပြီး လုပ်ငန်းများတိုးချဲ့ရန် လိုအပ်သည့်အရင်းအနှီးများ ချေးယူနိုင်သည့်အခွင့်အလမ်းများလည်းရှိသည်။ ယခုအခါ အရင်းအနှီးအတွက် ချေးငွေရယူနိုင်ရန် MSME ဖွံ့ဖြိုးရေးချေးငွေသာမက ပုဂ္ဂလိကဘဏ် ၁၆ ခုမှလည်း ငွေချေးငှားဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းတို့သည် ဒေသတစ်ခုအတွက် နမူနာအလားအလာကောင်းများ ဖြစ်သည်။

နိုင်ငံတော်အစိုးရနှင့် MSME လုပ်ငန်းရှင်များ တွေ့ဆုံရာတွင် အများဆုံးတင်ပြ လာသည့်အချက်မှာ အရင်းအနှီးအတွက် ချေးငွေလိုအပ်ချက်၊ နည်းပညာလိုအပ်ချက်၊ ကုန်ကြမ်းလိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့် စက်ပစ္စည်းကိရိယာ၊ မြေနေရာလိုအပ်ချက်များ တင်ပြကြသည်ကိုတွေ့ရသည်။ ယင်းတို့အနက် အရင်းအနှီးလိုအပ်ချက်မှာ အများဆုံးဖြစ်၍ နိုင်ငံတော်အစိုးရအနေဖြင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျပ်ငွေဘီလီယံ ၁၇၀ အထိ မတည်ထုတ်ပေးထားပြီးဖြစ်သည်။ သတ်မှတ်ထားသောစံချိန်စံညွှန်းများနှင့်ကိုက်ညီပါက အွန်လိုင်းမှတစ်ဆင့် ပုဂ္ဂလိကဘဏ် ၁၆ ခုတို့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်သည်။ ကျန်ရှိသော လိုအပ်ချက်များအတွက် နိုင်ငံတော်က အတတ်နိုင်ဆုံးကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

နည်းပညာနှင့်ပတ်သက်၍ ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်စေရန်မှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျသည်။ ဈေးကွက်မရရှိခြင်းနှင့် ရေရှည်မထိုးဖောက်နိုင်ခြင်းသည် အလုပ်သမားအရည်အချင်းတွင် လိုအပ်ချက်များရှိနေခြင်းကြောင့်ဖြစ်သည်။ ကျွမ်းကျင်လုပ်သားရရှိရေးအတွက် ဝန်ကြီးဌာန ၁၀ ခုတွင် လုပ်ငန်းအလိုက် သင်တန်း ၂၆၀ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။ ထို့အပြင် KG+9 အောင်မြင်ပြီး၍ အထက်တန်း၊ အဆင့်မြင့်မတက်ရောက်နိုင်သူများအတွက် ခရိုင် ၅၁ ခရိုင်ရှိ အထက်တန်းကျောင်း ၅၁ ကျောင်းတွင် စိုက်ပျိုး၊ မွေးမြူ၊ စက်မှုပညာများ သင်ကြားပေးလျက်ရှိသည်။ ကျွမ်းကျင်လုပ်သားရမှသာ အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများထွက်ရှိပြီး ဈေးကွက်အတွင်း ဝယ်လိုအား တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့အကျိုးစီးပွား တိုးတက်မြင့်မားလာရေးအတွက် အဓိကကျသည့် MSME စက်မှုလုပ်ငန်းများကို နိုင်ငံတော်အစိုးရက အားပေးမြှင့်တင် ကူညီဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် ရရှိလာသည့်အခွင့်အလမ်းများကို ထိထိမိမိအသုံးချ၍ အရည်အသွေးမြင့်မားသည့် ထုတ်ကုန်ပစ္စည်းများ တိုးတက်ထွက်ရှိပြီး စီးပွားရေးမောင်းနှင်အားကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံပိုင်သတင်းစာမှယူးယူဖော်ပြသည်။