ဆင်းရဲဒုက္ခချုပ်ငြိမ်း ပြာသိုလပြည့်နေ့

၁၂ လရာသီ လပြည့်အခါသမယ၌ ထူးမြတ်သောအမှုတို့ ပေါ်ထွန်းလာကြသည်။ ယနေ့ ပြာသိုလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် နေရဉ္ဇာမြစ်ကမ်းဘေးရှိ ဥရုဝေလတောအုပ်တွင် နေထိုင်ကြသော ဥရုဝေလကဿပ၊ နဒီကဿပနှင့် ဂယာကဿပတို့ဦးဆောင်သော ဧဟိဘိက္ခု ရဟန်းတစ်ထောင်တို့ကို အာဒိတ္တပရိယာယသုတ်တော်ကို ဟောကြားတော်မူရာ ရဟန်းတစ်ထောင်တို့ ရဟန္တာဖြစ်ကြသည်။

မြတ်စွာဘုရားရှင်က ရသေ့များသည် သူတို့ကိုယ်သူတို့ ရဟန္တာဟု အထင် ရောက်သူများဖြစ်သည်ကို သိသလို သူတို့ကျင့်သုံးသောအကျင့်သည်လည်း ရဟန္တာ ဖြစ်စေနိုင်သော အကျင့်မဟုတ်ကြောင်းလည်း သိတော်မူသည်။ ရသေ့ တစ်ထောင်လုံး ရဟန္တာဖြစ်ရန် ပါရမီရှိသော်လည်း ကျွတ်တမ်းဝင်ရန် ဣန္ဒြေမရင့်ကျက်သေးသဖြင့် မြတ်စွာဘုရားက ရသေ့များနှင့်အတူ သီတင်းသုံး၍ တရားပြဟောပြောလေသည်။ မြတ်စွာဘုရား၏ အဆုံးအမစကားကို ကြားရသောအခါ ဣန္ဒြေရင့်ကျက်လာကြပြီး မိမိတို့အမှားကို ဝန်ခံကန်တော့ကြသည်။

ရသေ့တို့သည် ပေါင်းဆုံမှုဖဿဖြစ်လာသည်။ ဖဿကြောင့် ဝေဒနာဖြစ်လာသည်။ ဝေဒနာသာယာဖွယ်ဖြစ်လာလျှင် တဏှာဖြစ်လာသည်။ ဝေဒနာသည် မနှစ်သက်ဖွယ်ဖြစ်ပါက ဒေါသဖြစ်လာသည်။ သာယာဖွယ်၊ မသာယာဖွယ်ကိုပင် မဝေခွဲတတ်အောင် တွေဝေပါက မောဟဖြစ်လာသည်။ အာရုံနှင့်သိစိတ်များဖြစ်ပေါ်မှုနှင့်ပတ်သက်၍ မဖြစ်ချင်လည်းမရ၊ အကြောင်းပြည့်စုံလျှင် ဆိုင်ရာစိတ်ဖြစ်လာသည်။ မအိုချင်၍မရ၊ အကြောင်းပြည့်စုံလျှင် အိုမင်းလာရသည်။ မပျက်စီးချင်၍မရ ပျက်စီးကြရမည်သာဖြစ်သည်။ ဖြစ်ခြင်းသည် ဇာတိ၊ အိုမင်းခြင်းသည် ဇရာ၊ ပျက်စီးခြင်းသည် မရဏဟူသောသဘောကို ဟောတော်မူသည်။

ဤသို့ဖြင့် မိမိတို့၏ ဒွါရခြောက်ပါး၌ အာရုံခြောက်ပါးတို့သည် နှလုံးသွင်းမှုကို အကြောင်းပြုကာ ဆိုင်ရာ သိစိတ်ခြောက်ပါး ဖြစ်ပေါ်လာရသည်။ အာရုံနှင့် သိစိတ်ဝိညာဉ်တို့ပေါင်းစုံမှု ဖဿဖြစ်လာသည်။ ဖဿကြောင့် ဝေဒနာဖြစ်လာသည်။ ပေါ်လာသောဝေဒနာကို သာယာမိပါက တဏှာလောဘမီးလောင်သည်။ မသာယာသောဝေဒနာဖြစ်သော် ဒေါသမီးလောင်သည်။ တွေဝေမှု မသိမှုကြောင့် မောဟမီးလောင်သည်။ အာရုံနှင့် ဝိညာဉ်တို့ပေါင်းစုံမှု ဖဿကြောင့် ဇာတိ၊ ဇရာ၊ မရဏ ဟူသော မီးသုံးပါးသည် လောင်မြိုက်ပြန်သည်။

ပုထုဇဉ်တို့တွင် အဆိုပါမီးခြောက်ပါးကို အကြောင်းပြု၍ စိုးရိမ်မှုသောက၊ ငိုကြွေးမှု ပရိဒေဝ၊ ဆင်းရဲမှုဒုက္ခ၊ နှလုံးမကြည်သာမှု ဒေါမနဿနှင့် ပူဆွေးမှု ဥပါယာသ စသည့်မီးငါးပါးတို့ လောင်မြိုက်ရသည်။ အဆိုပါ မီးတစ်ဆယ့်တစ်ပါးတို့သည် ဘဝတစ်ခု၏ သံသရာဖြစ်သည်။ အဆိုပါ မီးတစ်ဆယ့်တစ်ပါးကို ငြှိမ်းသတ်လိုပါက ဘဝသံသရာမလည်ရေးသာ လုပ်ကြရသည်။ ဘဝမဖြစ်လျှင် ဇာတိမဖြစ်၊ ဇာတိမဖြစ်လျှင် ဇရာမဖြစ်၊ ဇရာမဖြစ်လျှင် မရဏမဖြစ်နိုင်တော့ရာ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ မြတ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်ရေး ကြိုးစားအားထုတ်ကြသည်။

ထိုသို့ ဘဝသစ်တစ်ဖန် မဖြစ်ပေါ်စေရန်အတွက် ပဋိစ္စသမုပ္ပာဒ်၏ ပဋိလောမနည်းဖြင့် အာဒိတ္တပရိယာယသုတ်ကို မြတ်စွာဘုရားရှင် ဟောကြားတော်မူသောအခါ ရသေ့ရဟန်းတစ်ထောင်တို့ အာသဝေါကင်း၍ ရဟန္တာဖြစ်လာကြသည်။ ထိုသို့ ပြာသိုလပြည့်နေ့တွင် အာဒိတ္တပရိယာယသုတ်ကိုနာယူပြီး ရဟန္တာတစ်ထောင် ဖြစ်လာကြသည်ကို အကြောင်းပြု၍ ပြာသိုလပြည့် ရှင်တစ်ထောင်နေ့ဟု ခေါ်ဆိုခဲ့ကြသည်။ ဤပြာသိုလပြည့်နေ့သည် ဒုက္ခခပ်သိမ်း ကင်းငြိမ်းရာအမှန် နိဗ္ဗာန်သို့ ညွှန်သဖြင့် ထူးမြတ်လှသည်။

၁၂ လရာသီ လပြည့်ကာလများတွင် မြတ်စွာဘုရားရှင်နှင့် ဆိုင်ရာဆိုင်ရာ ထူးမြတ်သော ဒေသနာတော်များ ပေါ်ထွန်းလေ့ရှိသည်။ ထူးမြတ်သည့် လပြည့်နေ့နှင့်အတူ အများသူငါ ကုသိုလ်ထူးများပြုလုပ်ခြင်းနှင့် ခမ်းနားဆင်ယင်ခြင်းများ ထူးကဲစွာပြုလုပ်ကြသည်။ သီတင်းကျွတ်လပြည့်နေ့၊ ဝါဆိုလပြည့်နေ့၊ တပေါင်းလပြည့်နေ့စသည်ဖြင့် ကြီးကျယ်ခမ်းနားစွာ ပြုလုပ်ကြသည်။ ဤပြာသိုလပြည့် နေ့နှင့်ပတ်သက်၍ ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ထူးကဲမွန်မြတ်သော ဒေသနာတရားတော်သည်ကား ကျယ်ကျယ်ပြန့်ပြန့် မရှိလှသေးပေ။

အမှန်တကယ်တွင် ရဟန်းတော်များသာမက ပုထုဇဉ်လူသားအပေါင်းတို့ ဘဝသံသရာမပြတ် ကြုံတွေ့ကြရသည့် ဒုက္ခခပ်သိမ်းကင်းငြိမ်းရာအမှန် မြတ်နိဗ္ဗာန်သို့ တက်လှမ်းနိုင်သည့် သုတ္တန်ဒေသနာတော်ကို ပြာသိုလပြည့်နေ့တွင် ရှင်းလင်းလွယ်ကူစွာ နာကြားကြရခြင်းဖြင့် မလွဲမသွေကြုံတွေ့ကြရမည့် ဇာတိ၊ ဇရာ၊ မရဏဟူသည့် ဒုက္ခဆင်းရဲများ ကင်းငြိမ်းချုပ်ပျောက်၍ ချမ်းသာအစစ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

နိုင်ငံပိုင်သတင်းစာမှ ကူးယူဖော်ပြသည်။

PAN