မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၄၈၂ မှု ရှိခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်ပြော

ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၄၈၂ မှု ရှိခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်မှ ပြောကြားသည်။

၂၁ ရာစု အစောပိုင်း၌ ခေတ်မီနည်းပညာများ နေ့စဉ်နှင့်အမျှ တိုးတက်ဖြစ်ပေါ်လျက်ရှိပြီး လူမှုရေး၊ စီးပွားရေးတိုတွင် Social Media များမှတစ်ဆင့် Online အသုံးပြုမှုများ များပြားလာသည်နှင့်အမျှ Online စနစ်၏ လုံခြုံရေးကို သိရှိနားလည်ထားရန် လိုအပ်ပြီး မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်မှု ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း အမှုပေါင်း ၄၈၂ မှု ရှိခဲ့ကာ နိုင်ငံခြားသားများ ပါဝင်သည့် ငွေကြေးလိမ်လည်မှုမှာ Social Media များမှတစ်ဆင့်ချိတ်ဆက်၍ ရင်းနှီးမှုရယူ၍ တန်ဖိုးကြီးဥစ္စာပစ္စည်းများ ပေးပိုဟန်ဆောင်ပြီး ဆွဲဆောင်လိမ်လည်ကြခြင်းဖြစ်ပြီး အဆိုပါလိမ်လည်မှုတွင်ပါဝင်သည့် နိုင်ဂျီးရီးယားနိုင်ငံသား ၂၃ ဦး၊ ထိုင်းနိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား ၅၉ ဦးကို အရေးယူနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးချုပ်မှ ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် ငွေကြေးလိမ်လည် မှုများနှင့်စပ်လျဉ်း၍ တားဆီးကာကွယ်ရန် သတင်းအချက်အလက် ရယူခြင်းနှင့် စစ်ဆေးဖော်ထုတ်အရေးယူခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (SOP) များကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းမှဆက်လက်ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၊ Grand Ballroom မှာကျင်းပသည့် ဘဏ်များနှင့်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်း၍ အများပြည်သူသို မိုဘိုင်းငွေပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲ အခမ်းအနားမှာပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်များနှင့်အညီ မိုဘိုင်းငွေရေးကြေးရေး လိမ်လည်မှုများအား ကာကွယ်တားဆီးနိုင်ရန်နှင့် မိုဘိုင်းငွေကြေးလိမ်လည်မှုများနှင့်စပ်လျဉ်းပြီး အများပြည်သူသို အသိပညာပေးရန်ကိစ္စရပ်များ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ၊ ကြုံတွေ့နေရသည့် အခက်အခဲများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် တက်ရောက်လာသူများမှ ပါဝင်ဆွေးနွေးခြင်းဖြင့် မသမာသူများက လိမ်လည်မှုများ ကျူးလွန်သည့်နေရာတွင် မိုဘိုင်းငွေပေးချေမှု လမ်းကြောင်းများကို အသုံးပြုလာမှုအပေါ် နည်းပညာမြှင့်တင်ကာကွယ်ပေးနိုင်ရန် တိုက်တွန်းပြောကြားသည်။